ခမရ- ၃၅၅ စခန်းက စစ်သုံးမော်တော်ယာဥ် ၆ စီးအပြင် လက်နက်ခဲယမ်းများစွာ KNLA သိမ်းပိုက်နိုင်ခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်အခြေစိုက် စကခ – ၁၂ လက်အောက်ခံ ခမရ- ၃၅၅ စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့်ပူးပေါင်းတပ်က ယခု မတ်လ ၇ ရက်တွင် စတင် ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံးမော်တော်ယာဥ် ၆ စီးအပြင် လက်နက်ခဲယမ်းများစွာရရှိခဲ့သည်ဟု KNLA က ယနေ့တွင်ထုတ်ပြန်သည်။

မတ်လ ၇ ရက် နံနက် ၁၀ နာရီကျော်က စတင်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီ ၄၅ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ထိုစခန်း တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ထံမှ စစ်သုံးမော်တော်ယာဥ်ပေါင်း ၆ စီး၊ RPG ၊ NATO စက်လတ်အပါအဝင် လက်နက်ငယ်မျိုးစုံပေါင်း ၁၂၇ လက် ၊ ၆၀ မမ ၊ ၈၁ မမ လက်နက်ကြီးစိန်ပြောင်းမျိုးစုံ ၁၃ လက်အပြင် ၎င်းလက်နက်မျိုးစုံတို့၏ ခဲယမ်းကျည်များ ၊ ဆက်စပ်ပစ္စည်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများ သိမ်းဆည်းရရှိနိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာသေဆုံးခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ထိခိုက်သေ ဆုံးမှုရှိသည်ဟု မြေပြင်ရဲဘော်များကဆိုသည်။

မတ်လ ၈ ရက်နေ့လယ်ပိုင်းတွင်လည်း သင်္ဃန်းညီနောင်ရဲစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သလို မြဝတီတောင်ဘက် ဖလူးကျေးရွာရှိ စစ်ကောင်စီ၏မဆုတ်တမ်းခံစစ်စခန်းကိုလည်း မတ်လ ၁၁ ရက် ညနေ ၄ နာရီကျော်တွင် အလားတူ လက်နက်ခဲယမ်းများနှင့်အတူ သိမ်းပိုက်နိုင်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *