လိုင်ဇာမြို့အနီး စစ်ကောင်စီ စခန်းများဆုံးရှုံးပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံပြုလုပ်နေ

ကချင်ပြည်နယ်၊ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီအတွက် အရေးပါသောတပ်စခန်းများ ဆုံးရှုံးပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်းများကို ပြီးခဲ့သည့် မတ် ၇ရက်မှစတင်ကာ KIA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၄ရက်တာအတွင်း တပ်စခန်း ၂၀ကျော်ကို သိမ်းပိုက်ထားနိုင်ခြင်းဖြစ်ပြီး KIA/KIOပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူးကလည်း အတည်ပြုဖြေကြားထားသည်။

ထို့ကြောင့် စစ်ကောင်စီက KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးဝန်းကျင်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်နေခြင်းဖြစ်သည့်အပြင် သိမ်းပိုက်ခံထားရသည့် စခန်းများမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်ရန်အတွက် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

“ တပ်စခန်းက ဆုတ်ခွာတဲ့ကောင်တွေအတွက်ကို လမ်းကြောင်းဖွင့်ပေးတဲ့သဘောပေါ့၊ လေယာဥ်ပစ်ကူပေးတာတော့ တစ်နေ့ကို ဆယ်ကြိမ်ထပ်မနည်းဘူး” ဟု KIAသတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီဘက်က လေယာဥ်အလွန်အကျွံအသုံးပြုကာ၊ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် လိုင်ဇာဒေသခံများ စစ်ဘေးရှောင်နေရပြီး လက်ရှိတွင် နီးစပ်ရာတောတောင်များတွင် ခုံလှုံနေကြရသည်ဟု ဆိုသည်။

“ နေ့တိုင်းဗုံးကြဲတာ ဟုတ်တယ်။ နီးစပ်ရာပြေးရတယ်။နေ့ရောညရောလေယာဥ်ဝဲနေတာ” ဟု လိုင်ဇာဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင်လည်း KIAတပ်ဖွဲ့များက မြစ်ကြီးနား၊ဗန်မော်၊ဝိုင်းမော် မြို့များကို တိုက်ခိုက်လာမည်ကို စိုးရိမ်သည့် စစ်ကောင်စီသည် ယင်းမြို့များ၌ စစ်ပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီး မသင်္ကာသည့် လူငယ်များကို ဖမ်းဆီးထိန်းသိမ်းလျက်ရှိသည်။

“ ဗန်မော်က ရောဘတ် ဘုရားကျောင်းမှာ စစ်ရှောင်စခန်းရှိတယ်။ အဲ့ဒီစခန်းကို ဝင်ဖမ်းတယ်။ ယောင်္ကျားလေးတွေဆိုရင် ဒူး၊ တံတောင်းတွေကြည့်ပြီး ဖမ်းသွားတယ်” ဟု ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများသေဆုံးခဲ့ရသည့်အပြင် ၎င်းသေဆုံးခဲ့မှုများအတွင်း ကလေးငယ်နှင့် သက်ကြီးရွယ်အိုများလည်းပါဝင်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *