စစ်တပ်မိသားစုဝင်အချို့ အရပ်ဘက်လေကြောင်းလိုင်းများဖြင့် ကချင်ပြည်နယ်မှ အရေးပေါ်ရွှေ့ပြောင်း

စစ်ရေးပြင်းထန်လာသော ကချင်ပြည်နယ်မှ စစ်တပ်မိသားစုဝင်တချို့ကို အရပ်ဘက်လေကြောင်းလိုင်းများအသုံးပြုကာ ယနေ့မှ စပြီး အရေးပေါ် ရွှေ့ပြောင်းနေကြောင်း စစ်ကောင်စီသတင်းရင်းမြစ်များက ဆိုသည်။

မတ်လ ၁၃ ရက်နေ့တွင် မြစ်ကြီးနားမြို့ အရပ်ဘက် မြစ်ကြီးနားလေဆိပ်မှ မန္တလေးလေဆိပ်အပါအဝင် ရန်ကုန်လေဆိပ်များသို့ စစ်ကောင်စီအသိုင်းအဝိုင်းမှ မိသားစုဝင်များကို အရေးပေါ်ပြောင်းရွှေ့နေခြင်း ဖြစ်သည်။

မြစ်ကြီးနားလေတပ်စခန်းကို ကေအိုင်အေက ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် မြစ်ကြီးနားအရပ်ဘက် ခရီးသည်တင်လေကြောင်းလိုင်းများကို အသုံးပြုပြီး ယခုလို ပြောင်းရွှေ့နေခြင်း ဖြစ်သည်ဟု လေဆိပ်သတင်းရင်းမြစ်က ဆိုသည်။

“လေယာဥ်ရပ်တာတောင် သူတို့တပ်နဲ့ နီးတဲ့နေရာဘက်မှာ ရပ်တာတွေ့တယ်။ အိတ်သယ်တဲ့ တွဲတောင် သူတို့တတွဲသပ်သပ်သုံးတယ်။ ပြောင်းတာတောင် အရာရှိပိုင်း မိသားစုဝင်လောက်က အရင်ပြောင်းတဲ့သဘောနဲ့တူတယ်။ အခုပါသွားတဲ့အနွယ်တွေက ငွေသုံးနိုင်တဲ့အနေအထားကို တွေ့ရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ယခင်က ရန်ကုန် – မြစ်ကြီးနား၊ မန်းလေး – မြစ်ကြီးနား ၊ မြစ်ကြီးနား – ပူတာအို ခရီးစဥ်အဖြစ်အသွားအပြန်သာပြေးဆွဲနေသော်လည်း ယနေ့တွင် လေယာဥ်ခရီးစဥ်က အသွားအပြန် ဆယ်ကြိမ်ထက်မနည်း ပျံသန်းမှုရှိနေသည်ကို လေယာဥ်ပျံသန်းမှုမှတ်တမ်းများနှင့် မြေပြင် ဗီဒီယိုသတင်းမှတ်တမ်းများအရ သိရသည်။

မန္တလေးလေဆိပ်များတွင်လည်း ရောက်ရှိလာသော စစ်ကောင်စီမိသားစုဝင်များကို ဆိုက်ရောက်နေရာများတွင် လာရောက်ကြိုဆိုနေသည်ကိုလည်း တွေ့မြင်ရသည်ဟု ခရီးသွားသတင်းရင်းမြစ်များက ဆိုကြသည်။

ပြောင်းရွှေ့နေသည့် စစ်ကောင်စီမိသားစုဝင်များထဲတွင် စစ်ဆေးရုံအသိုင်းအဝိုင်း၊ စစ်သင်တန်းကျောင်း အသိုင်းအဝိုင်းနှင့် မပခစစ်ရုံးအသိုင်းအဝိုင်းမှ အရာရှိ မိသားစုဝင်များဖြစ်သည်ဟု ကနဦးစုံစမ်းသိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *