ရိုဟင်ဂျာ ၉၇ ဦး ရုပ်အလောင်းတွေ လာသယ်ဖို့ ဒုက္ခသည်စခန်းတွေကို စစ်ကောင်စီ အကြောင်းကြား

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်နားက တိုက်ပွဲမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာ ၉၇ ဦး အလောင်းတွေ သယ်ယူဖို့ စစ်တွေမြို့ပေါ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို စစ်ကောင်စီက မတ်လ ၁၃ ရက်နေ့မှာ အကြောင်းကြားတယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတာကြောင့် အခုလို သေဆုံးရတာလို့ ရိုဟင်ဂျာအရေး ကူညီပေးနေတဲ့ မြန်မာ- ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

“သေချာတာကတော့ စစ်တွေဒုက္ခသည်စခန်းကနေ အတင်းအဓမ္မခိုင်းစေဖို့အတွက် စစ်သားစုဆောင်းတဲ့အနေနဲ့ ခေါ်သွားတာက ရာနဲ့ချီပြီးရှိတယ်။ ဒီလူတွေကို အတင်းအဓမ္မခေါ်ပြီးတော့ စစ်တပ်က လူသားဒိုင်းအဖြစ်အကာအကွယ်သုံးဖို့ လုပ်ထားတယ်ဆိုတာ သေချာနေပြီ“

သေဆုံးသူ ၉၇ ဦးထဲက အများစုဟာ စစ်တွေမြို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာလူငယ်တွေ ဖြစ်ပြီး စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ သွားရောက်အကြောင်းကြားတဲ့ စစ်တွေရိုဟင်ဂျာဒုက္ခသည်စခန်းက တာဝန်ရှိသူတွေကိုလည်း တိုက်ရိုက်ဆက်သွယ်လို့မရသေးပါဘူး။

စစ်တွေမြို့ပေါ်မှာ ရိုဟင်ဂျာဒုက္ခသည်စခန်း ၁၄ ခုလောက်ရှိပြီး လူဦးရေ တစ်သိန်းကျော်ရှိပါတယ်။

ရုပ်အလောင်းတွေကို စခန်းတာဝန်ရှိသူတွေ သွားရောက်သယ်ယူဖို့ ခက်ခဲနေတာကြောင့် အခုသေဆုံးတဲ့ ရိုဟင်ဂျာတွေဟာ ဘယ်ဒုက္ခသည်စခန်းတွေကလဲဆိုတာ အတိအကျမသိရသေးဘူးလို့လည်း ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲဆိုအရေးယူဖို့ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

“စစ်ကောင်စီက ဒီလောက်များပြားတဲ့လူငယ်တွေကို ထွက်ပေါက်မရှိတဲ့ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်ပေါင်းများစွာပိတ်လှောင်ထားတဲ့နေရာကနေ စုစုစည်းစည်းအတင်းအကျပ် အဓမ္မခေါ်ဆောင်သွားပြီးတော့ လူသားဒိုင်းသဖွယ်လုပ်တာက သူတို့မပြီးပြတ်သေးတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားသတ်ဖြတ်မှုနဲ့ဆိုင်တဲ့စစ်ရာဇတ်ဝတ်မှုကို ပေါ်တင်ကျူးလွန်တာ ဖြစ်တယ်။ ဒီဟာနဲ့အနေနဲ့ စစ်ကောင်စီအနေနဲ့ အပြည့်အဝတာဝန်ယူဖို့ လိုတယ်။“

မတ်လ ၁၂ ရက်နေ့မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲဖြစ်နေတဲ့ ရသေ့တောင်မြို့နယ် အငူမော်အနီး ရိုဟင်ဂျာဒုက္ခသည် ၁၂၀ ကျော်ပါတဲ့ စက်လှေကို နေရာပြောင်းရွှေ့နေစဥ်မှာ AA က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ရိုဟင်ဂျာအရေးကူညီသူတွေက ပြောပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး AA ဘက်က တုံ့ပြန်ချက်ရဖို့ ဆက်သွယ်နေဆဲဖြစ်သလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင်ရှိသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်သူများကို ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *