စစ်မှု မထမ်းလိုသော လူငယ်များထံမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ်သိန်း ၅၀ အထိတောင်းယူပြီး လူစားထိုးပေးမှုများ ဖြစ်ပေါ်

အကြမ်းဖက်စစ်ကောင်စီက ဧပြီလကုန်မှစတင်ပြီး စတင်ခေါ်ယူတော့မည့် စစ်မှုထမ်း အပတ်စဉ် ၁ တွင် မပါဝင်လိုသော လူငယ်များထံမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် သိန်း ၅၀ တောင်းယူပြီး လူစားထိုးပေးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

လတ်တလော ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေပေးနိုင်သော လူငယ်များကို လတ်တလော စစ်မှုထမ်းရမည့်စာရင်းတွင် ထည့်သွင်းခြင်းမရှိဘဲ ငွေမပေးနိုင်သူများကို ဦးစားပေး ထည့်သွင်းမှုများရှိနေကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း သုံးခွမြို့နယ်၊ ထွန်းစိန်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဌေးကြည် (ခေါ်) မုန်တိုင်းက စစ်မှုမထမ်းလိုသော လူငယ်များထံမှ သိန်း ၅၀ တောင်းယူပြီး လူစားထိုးပေးကြောင်း၊ စစ်ထဲသို့ အစားထိုးဝင်ပေးမည့်သူက ငွေကျပ် သိန်း ၃၀ ရယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဌေးကြည်နှင့်အဖွဲ့က သိန်း ၂၀ ရယူကြောင်း သိရှိရသည်။

“သုံးခွမြို့နယ်၊ ထွန်းစိန်ကျေးရွာမှာ စစ်မှုထမ်းဖို့ မတ်လ ၁၂ ရက်နေ့က မဲနှိုက်တယ်။ အဲဒီမှာ နိုင်လင်းဆိုသူက မဲပေါက်တယ်။ အဲဒါကို ရွာအုပ်ချုပ်ရေးမှူး ဌေးကြည်(ခေါ်) မုန်တိုင်းက နိုင်လင်းအနေနဲ့ စစ်ထဲမဝင်ချင်ရင် လူ စားထိုးပေးမယ်။ လူစားထိုးချင်ရင် သိန်း ၅၀ နဲ့ပြီးမယ်ပေါ့။ လူစားထိုး စစ်ထဲဝင်ပေးမယ့်သူကို သိန်း ၃၀ ၊ ရွာအုပ်ချုပ်ရေးအဖွဲ့က သိန်း ၂၀ ယူမယ်ပေါ့။ ပြီးတော့ မဲတွေပါ ပြန်နှိုက်တယ်” ဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

လူငယ်များကို စစ်မှုထမ်းခေါ်ယူရာတွင် အောက်ခြေ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များက အခရာကျလာပြီး စစ်မှုမထမ်းလိုပါက ငွေပေး လူစားထိုးခြင်း၊ နာမည်စာရင်း ဖြုတ်ပယ်ပေးခြင်းများကို ငွေကြေးရယူ၍ လုပ်ဆောင်ပေးမှုများရှိနေကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ သံလွင်လမ်း၊ ၁၀ ရပ်ကွက်တွင်လည်း ငွေ ကြေး ချမ်းသာသူများက မိမိတို့၏ သားများကို ပထမ အသုတ် စစ်မှုထမ်းရမည့်စာရင်းတွင် မပါဝင်စေရေးအတွက် ငွေကြေးပေး လာဘ်ထိုးမှုများ လုပ်ဆောင် နေကြောင်း သိရှိရသည်။

” သံလွင်လမ်း၊ ၁၀ ရပ်ကွက်ဘက်မှာလည်း အုပ်ကြီးနဲ့ အုပ်ချုပ်ရေးအဖွဲ့က ငွေယူပြီး ငွေပေးနိုင်တဲ့သူတွေ နာမည် မပါအောင် လုပ်ပေးနေတယ်။ ငွေမပေးနိုင်သူတွေကို စစ်ထဲသွားရမယ့် နာမည်စာရင်းတွေထဲမှာ ထည့်တယ်။ ၉၉/၁၀ ကုန်းဘက်မှာဆိုရင် လူငယ် ၁၄ ယောက်တောင် နာမည်စာရင်းထည့်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- တာမွေမြို့နယ်၊ ဗျိုက်ရေအိုးစင်ရပ်ကွက်တွင် စစ်တပ်က စစ်မှုထမ်းမည့် လူငယ်များ ရရှိရေး စည်းရုံးကြရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ဟောပြောနေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *