မိုးမောက်၊ ဒါဆိုင်း ခလရ-၂၃၇ အထိုင် တပ်ရင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၄၀ ခန့် သေဆုံး၊ လက်နက် ၂၀၀ ကျော် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ဒါဆိုင်း ခလရ-၂၃၇ အထိုင် တပ်ရင်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄၀ ခန့် သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ် ၂၀၀ ကျော် သိမ်း ဆည်းရရှိကြောင်း မြေပြင် KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မိုးမောက် မြို့ နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၃၇ အထိုင် တပ်ရင်း (ဒါဆိုင်း) တပ်စခန်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ် ၂၀၀ ကျော် သိမ်းဆည်းရရှိကာ အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ၄၀ ခန့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မိုးမောက်မြို့ နဲ့ ၁၂ မိုင် အကွာမှာရှိတဲ့ စကခ-၂၁ လက်အောက်ခံ ခလရ-၂၃၇ အထိုင်တပ်ရင်း စခန်းကို မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်။ လက်နက်ငယ် အလက် ၁၀၀ ကျော် ရတယ်။ လက်နက်ကြီးတွေလည်း အများကြီးရတယ်။

လက်နက်ကြီး၊ လက်နက်ငယ် အားလုံးပေါင်း အလက် ၂၀၀ ကျော်သိမ်းဆည်းရရှိထားပါတယ်။ စစ်ခွေး သေဆုံးမှုများတယ်။ ခဲယမ်းတွေ ရေတွက်လို့ မကုန်သေးဘူး” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

KIA က သိမ်းပိုက်လိုက်သော ဒါဆိုင်း ခလရ ၂၃၇ တပ်ရင်းစခန်းတွင် စစ်အင် အား ၂၀၀ ခန့်တပ်စွဲထားပြီး တပ်ရင်းဧရိယာမှာ ဧက ၃၀ ဝန်းကျင် ကျယ်ဝန်းကြောင်း၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းဘေး၊ ကျွန်းတောကျေးရွာအနီး တည် ရှိပြီး မြို့သစ်ကျေးရွာအုပ်စု၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ပါဝင်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *