မကွေးတိုင်း၊ ရေစကြိမြို့နယ်၊ ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းအတွင်းသို့ ရိက္ခာပို့ပြီး ပြန်လာသော အကြမ်းဖက်စစ်ကား ၅ စီးကို ပေပါမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ ကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယမန်နေ့ မတ်လ ၁၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းအတွင်း သို့ ရိက္ခာပို့ ပြီး ပြန်လာသော အကြမ်းဖက်စစ်ကား ၅ စီးကို ဆန်းသစ်ကျေးရွာနှင့် ကျောက်လှေခါး ကျေးရွာကြား တိုးဂိတ်အနီးအရောက် ရှေ့ပြေးကား ၂ စီးကို ပေပါမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယင်းကား ၂ စီးမှာ အနည်းငယ်ထိခိုက်ပြီး ဆက်လက်မောင်းနှင်ပြေးသွားကြောင်း သိရသည်။
ထို့နောက် နံနက် ၁၁ နာရီ ၅၈ မိနစ်အချိန်တွင် နောက်ကား ၃ စီးကို ပေပါမိုင်းဖြင့် ထပ်မံမိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ယင်းကား ၃ စီးအနက် ၁ စီးမှာ လုံးဝပျက်စီးသွားပြီး စစ်သား ၂ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိကြောင်း၊ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသည့် စစ်သား ၂ ဦးကို အရေးပေါ်ကားဖြင့် ပခုက္ကူဆေးရုံသို့ သယ်ဆောင်သွားစဉ် ပခုက္ကူစက်မှုဇုံ အရောက် တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ ဆေးရုံရောက်ရှိပြီး ဆေးကုသနေစဉ် သေဆုံးသွားကြောင်း သိရသည်။
“ကားပေါ်မှာပါတဲ့ စစ်ခွေးတွေလည်းများတယ်ဗျ၊ မနက်သွားပြီး ချက်ချင်းပြန်လာတာ၊ အသွား တုန်းကလည်းမိုင်းဆွဲတဲ့အဖွဲ့တွေ ဆွဲကြတယ်၊ ကျနော်တို့က အသွားတုန်းက မမီလိုက်လို့ အပြန်ကျမှ ဆွဲခဲ့လိုက်တာ” ဟု ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါင်သွေးနီပျောက်ကြားတပ်ဖွဲ့ – YSO မှဦးဆောင်၍ Underground Revolution Force-YSO ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27Revolution Force၊ Royal Pakokku Underground၊ မြိုင် (ပ.က.ဖ) နှင့် ပခုက္ကူခရိုင်တပ်ရင်း ၃ အဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။