စစ်မှုထမ်းရန်ကူညီနေသူများကို ပြင်းထန်စွာအရေးယူမည်ဟု ရန်ကုန် UG ငါးဖွဲ့ သတိပေး

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအားအကောင်အထည်ဖော်ရန် ပါဝင်ကူညီသူများကို စစ်ကောင်စီထောက်တိုင်များအဖြစ်သတ်မှတ်၍ ပြင်းထန်စွာအရေးယူမည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (UG)ငါးဖွဲ့ က အသိပေးထားသည်။

“စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက် သက်ဝင်လာစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းကူညီဆောင်ရွက်နေသော ဖက်ဆစ် အလိုတော်ရိများအားလုံးကို အကြမ်းဖက် စစ်ကောင်စီ၏ ခွေးသွားစိတ် ထောက်တိုင်များအဖြစ်သတ်မှတ်ပြီး ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့အစည်းများက သတိပေးထုတ်ပြန်လိုက်သည်။” ဟု ယနေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်ကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ) ၊ Yangon Urban Guerrillas (YUG) ၊ Yangon UG Association (YUA) ၊ Yangon Army (YA )နှင့် Yangon Guardian Army(Y.G.A) တို့ကပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီဟာကမတရားသဖြင့်မှန်းလည်း သိတယ်။အဓမ္မမှုဖြစ်တယ်။ သူတို့စိုက်ပျိုးတာကို သူတို့ပြန်ရိတ်သိမ်းရမယ်။ ဒီ့အတွက်တရားဝင်ကြေညာလိုက်တာ”ဟု YUA ၏ တာဝန်ခံ ဆရာကျောင်းက လူထုနွေဦးသို့ ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရှုံးနေသည့် စစ်ကောင်စီသည် ဖေဖော်ဝါရီအတွင်းက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး တိုင်းနှင့်ပြည်နယ်အသီးသီး၌ စစ်မှူထမ်းရန်အတွက် လူရွေးပွဲများပြုလုပ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်က မှော်ဘီမြို့နယ်၌ စစ်မှုထမ်းရန်အတွက် လူငယ်စာရင်းကောက်ကာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသော အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့များကို အရေးယူဆောင်ရွက်မည်ဟု ယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မန္တလေးမြို့တွင်လည်း စစ်မှူထမ်းဥပဒေကြေညာချက်ထွက်လာပြီးနောက် ပြည်သူများကိုခြိမ်းခြောက်ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှုး ၊ ရာအိမ်မှုးသည့် အုပ်ချုပ်ရေးအဖွဲ့များကို အရေးယူဆောင်ရွက်မည့်အကြောင်း မန္တလေး တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သော ၁၄နှစ်က စစ်အစိုးရပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေကို ​အာဏာသိမ်း​ခေါင်း​ဆောင် အမိန့်ဖြင့် ဖေ​ဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက်(၁၈) နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို ၂နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တိုင်းပြည်အရေးပေါ်အခြေအနေဆိုပါက ၅နှစ်အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်ဟု ဆိုသည်။

နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် ​သေဆုံးဒဏ်ရာရသူ ၊ ထွက်​ပြေးသူ ၊လက်နက်ချသူ ၊​တော်လှန်​ရေးအဖွဲ့များထံအလင်းဝင်သူစသဖြင့် စစ်​ကောင်စီတပ်အင်အား နည်းလာ​သော်လည်း စစ်တပ်ထဲဝင်လိုသူ နည်းလာ​သော​ကြောင့် စစ်​ကောင်စီက ၎င်းတို့အသက်ဆက်နိုင်​ရေး စစ်မှုမထမ်းမ​နေရ ဥပ​ဒေဖြင့် လူငယ်များကို ဖိအား​ပေး၍ စစ်တပ်အတွင်းဝင်ရန်ကြံစည်လာခြင်းဖြစ်​ကြောင်း နိုင်ငံ​ရေး ၊စစ်​ရေး​လေ့လာသူများက သုံးသပ်ကြသည်။

ထို့ကြောင့် လူငယ်အချို့မှာ ထိုင်းနိုင်ငံသို့ သွားရောက်ရန် ကြိုးပမ်းနေကြသည်။ အချို့မှာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ရန် ပြင်ဆင်ကြိုးပမ်းနေသည်။ အချို့မှာ တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်ပြီး စစ်အာဏာရှင်အား တော်လှန်ရန် စာရင်းပေးဆက်သွယ်နေကြသည်ဟု တော်လှန်ရေးအဖွဲ့အစည်းများက အသိပေးထားသည်။

အာဏာသိမ်း မြန်မာစစ်တပ်က စစ်မှုမထမ်းမနေရစနစ် အသက်သွင်းမည်ဟု ကြေညာလိုက်ပြီးနောက် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားမှုရုတ်တရက် မြင့်တက်လာသည်။ ထောင်ချီရှိသည့် လူတန်းရှည်ကြီးကြောင့် တစ်ရက်ဗီဇာထုတ်ပေးမှု လူဦးရေကန့်သတ်ရသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ငွေကြေးမတက်နိုင်၍ တရားမဝင်နည်းလမ်းဖြင့် သွားရောက်ရန်ပြင်ဆင်နေသူများလည်း ရှိနေပါသည်။

တောင်တွင်းကြီးတွင် စစ်မှုထမ်းဥပဒေအရ လူငယ်များကို စစ်သားအဖြစ် စု ဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးများနှင့်ဒေါက်တိုင်များကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူမည်ဟု ကြေညာ

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ကူညီပေးနေသည့် အုပ်ချုပ်ရေးမှူးများနှင့် ဒေါက်တိုင်များကို စစ်ရေးအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် အပြစ်ပေး အရေးယူသွားမည်ဖြစ်၍ ပြည်သူများ ပူးပေါင်းပေးရန် တိုက်တွန်းကြောင်း တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

တောင်တွင်းကြီးမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စစ်ကောင်စီဘက်မှ ကိုယ်တိုင်ကိုယ်ကျ ပါဝင်၍ဖြစ်စေ၊ အားပေးကူညီ၍ဖြစ်စေ လိုက်ပါ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သူ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ စကစ အားပေး ဒေါက်တိုင်များကို အဖွဲ့အစည်းသော် လည်း ကောင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းသော်လည်းကောင်း မည်သူ မဆို အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း တောင်တွင်းကြီး အထူးပြောက် ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း ဥပဒေနှင့် ပတ် သက်၍ ဇောင်းကြွနေသည့် ထွေအုပ်၊ လဝက၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို သေသေချာချာ တိတိကျကျ ပြုလုပ်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဆက်သွယ်ကာ ပူးပေါင်းကြရန် လေးစားစွာတိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *