သရက်ချောင်းက ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းယူ

သရက်ချောင်း၊ ကျောက်ဆည်ရွာ ပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်သိမ်းပိုက်မီးရှို့

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာက ပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်များက ယနေ့(မတ် ၁၉) နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်မီးရှို့လိုက်ကြောင်း PDF ပူးပေါင်းတပ်၏ ဖက်ဒရယ်စစ်ကြောင်းထံက သိရသည်။

အဆိုပါစခန်းတွင် ပျူစောထီးနှင့် စစ်ကောင်စီအင်အား ၂၀ ခန့်ရှိပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့်ကြာသည်ဟု ဖက်ဒရယ်စစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။

“ပျူစောထီးစခန်းကိုတော့ ကျွန်တော်တို့ မီးရှို့ဖျက်ဆီးလိုက်တယ်၊ နယ်မြေရှင်းလင်းရေးလုပ်ပြီးတော့ ပျူစောထီးငါးဦးသေတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ တစ်ချိန်တည်းမှာပဲ ပဲဒက်စခန်းကိုလည်း ၆၀ မမစိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိပါတယ်” ဟု ကိုမင်းထက်က ပြောသည်။

ကျောက်ဆည်ပျူစောထီးစခန်းတိုက်ပွဲတွင် M22 ကာဘိုင်သေနတ် ၁ လက်၊ M16 A1 ၁ လက် လက်ပစ်ဗုံး ၈ လုံး၊ စကားပြောစက် ၄ လုံးနှင့် ကျည်ဆန်များသိမ်းဆည်းရရှိကြောင်း ၎င်းက ပြောသည်။

ကျောက်ဆည်ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်နေသော်လည်း ၂ မိုင်ခန့်အကွာရှိ ပဲဒက်စခန်းမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ ပြန်လည်ပစ်ခတ်ခြင်း၊ စစ်ကူလာပေးခြင်းမရှိကြောင်း ကိုမင်းထက်က ပြောသည်။

ပဲဒက်ကျေးရွာက ဒေသခံတစ်ဦးကမူ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို မနက် ၇ နာရီကျော်ကျော်ခန့်အထိ ကြားရသည်ဟု ဆိုသည်။

ပျူစောထီး ငါးယောက်သေ၊ လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိ

စစ်ကောင်စီတပ်သားနဲ့ ပျူစောထီတွေ စခန်းချနေတဲ့ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာက စခန်းတစ်ခုကို ပြည်သူ့ကာကွယ်‌‌ရေးပူးပေါင်းတပ်က ဒီနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဖယ်ဒရယ်စစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောပါတယ်။

“ပျူစောထီးထဲကပဲ သတင်းပေးလို့ စခန်းအခြေအနေအတိအကျရပြီး ဝင်တိုက်တာပါ။ တိုက်ပွဲမှာတော့ ပျူစောထီးငါးယောက်သေတယ်။ စခန်းကိုလည်း မီးရှို့လိုက်တယ်” လို့ ဒုစစ်ကြောင်းမှူးက ပြောပါတယ်။

အဲ့ဒီစခန်းက ကျောက်ဆည်ရွာ ဘုရားကုန်းမှာရှိပြီး ဒီကနေ့မနက် ၅ နာရီ ၄၅ မိနစ်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်နာရီနီးပါးအကြာမှာ စခန်းကို သိမ်းပိုက်ရရှိခဲ့တာလို့ စစ်ကြောင်းမှူးထံက သိရပါတယ်။

တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့စခန်းဟာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးစုစုပေါင်း ၂၀ ဦးခန့်တပ်စွဲထားတဲ့စခန်းဖြစ်ပြီး ကျန်တဲ့စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကတော့ ထွက်ပြေးသွားတယ်လို့ ကိုမင်းထက်က ဆိုပါတယ်။

ဒါ့အပြင် သိမ်းမိခဲ့တဲ့စခန်းကနေ M-16 သေနတ်တစ်လက်၊ ကာဘိုင်သေနတ်တစ်လက်၊ လက်ပစ်ဗုံး ရှစ်လုံး၊ ကျည်ဆံနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းမိခဲ့တယ်လို့ စစ်ကြောင်းမှူး ကိုမင်းထက်ရဲ့ပြောပြချက်အရသိရပါတယ်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ ဖယ်ဒရယ်စစ်ကြောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းထားတဲ့ စစ်ကြောင်း ဖြစ်ပါတယ်။

ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ တချိန်တည်းမှာပဲ လေးမိုင်ခန့်အကွာမှာရှိတဲ့ ပဲဒက်ရွာက ပျူစောထီးစခန်းကိုလည်း တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ကိုမင်းထက်က ပြောပါတယ်။

စခန်းသိမ်းပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်ကူရောက်လာတာမျိုး မရှိသေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အခုလ ၂ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ရောင်းမော်ရွာက စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ပုံစာ – သိမ်းမိတဲ့လက်နက်ခဲယမ်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *