ဘုရင်ရူးရူးနေသည့် မင်းအောင်လှိုင်က သားဖြစ်သူနှင့်အတူ ပဲခူး၊ သမိုင်းဝင် ကျိုက်ပညာယျ စေတီကို ထီးတော်တင်ပြီး ယတြာချေ

ပြည်သူသို့ အခမဲ့ ဝေငှသည့် လက်ကမ်း ယပ်တောင်တွင် “လုပ်ပါ သမတ သာ” ဆိုသည့် စာသားကို ထည့်သွင်း ယတြာလုပ်ပြန်

ပဲခူးမြို့တွင် နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ ရှေးမြန်မာ မင်းများ အဆက်ဆက် ပြုပြင်ထိန်းသိမ်းမွမ်းမံခဲ့သော သမိုင်းဝင် ကျိုက်ပညာယျစေတီတွင် ဘုရင်ရူးရူးနေသည့် အကြမ်းဖက်မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံနှင့်အတူ ထီးတော်တင်ခဲ့ကြသည်။

မတ်လ ၁၇ ရက်နေ့တွင် ကျိုက်ပညာယျစေတီ၏ ထီးတော်တင်ခဲ့ကြခြင်းဖြစ်ပြီး “မင်းအောင်လှိုင်က ယတြာချေ ထီးတင်တင်မည်ဖြစ်ကြောင်း” သတင်းဖော်ပြခဲ့ပြီး၊ ယင်းသို့ သတင်းပေါက်ကြားမှုအတွက် လုံခြုံရေးကို အထူးတင်းကျပ်ခဲ့ကြောင်း ၊ အထူးသဖြင့် ဒရုန်းဖြင့် ဗုံးလာကျဲမည်ကို စိုးရိမ်၍ ဒရုန်းဖျက် Jammer များစွာ တပ်ဆင်ပြီး ဒရုန်းစောင့်ကြည့်ရေးအတွက် အထူးတပ်များ ချထားခဲ့ကြောင်း သိရှိရသည်။

“ဒီသမိုင်းဝင် ကျိုက်ပညာယျစေတီက ဘုန်းတန်ခိုးရှိတဲ့ မင်းကောင်းမင်းမြတ်တွေမှ ထီးတော်တင်လို့ရတယ်ဆိုတဲ့ အယူ၊ ဆိုရိုစကားတွေရှိတယ်။ တော်ရုံလူ ထီးတင်မရဘူးပေါ့။

အဲဒါကြောင့် ယတြာချေတဲ့အနေနဲ့ သူက ဘုန်းတန်ခိုးရှိတဲ့ မင်းကောင်းမင်းမြတ်အဖြစ် ထီးတော်တင်တယ်။ ထီးတော်ကို ဘုရားစေတီထိပ်အထိ သူ့သားနဲ့အတူ ထီးတော်တင်တယ်” ဟု ပဲခူးတိုင်းစစ်ကောင်စီ သတင်းရင်းမြစ်က ပြောဆိုသည်။

ဘုရင်ရူးရူးနေသည့် မင်းအောင်လှိုင်က ထီးတော်တင်ပွဲတွင် အများပြည်သူသို့ ဝေငှသည့် လက်ကမ်းယပ်တောင်တွင် “လုပ်ပါ သမတ သာ” ဆိုသည့် စာသားကို ထည့်သွင်းခဲ့ကြောင်း သိရှိရသည်။

“မင်းကွန်းဆရာတော်ကြီး ရဲ့ ဓမ္မလင်္ကာကို အခမဲ့ဝေတဲ့ ယပ်တောင်တွေမှာ ရိုက်ထားတယ်။ အဲဒီမှာ စိတ်ဆင်းရဲတာ လွတ်ချင်ရှာ “လုပ်ပါ သမထ သာ” ဖြစ်ရမှာကို “လုပ်ပါ သမတ သာ” ဆိုတဲ့ စာသားကို ထည့်သွင်းတယ်။

မှားတာ မဟုတ်ဘူး။ ယတြာအတွက် တမင် ထည့်တာလို့ ပြောတယ်။ ထီးတင်တာလည်း ယတြာ။ ယပ်တော်မှာလည်း လုပ်ပါ သမတ သာ ဆိုတာကို ယတြာအတွက် ထည့်တာ” ဟု ထီးတင်ပွဲ တက်ရောက်ခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်း တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် ၎င်း၏ အာဏာတည်မြဲရေးအတွက် ဘုရားတည်၊ ဘုရားထီးတော်တင်သည့် ယတြာချေမှုများ မကြာခဏဆိုသလို လုပ်ဆောင်လေ့ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *