“ကချင်မြေမှာ ဖြတ်လေးဖြတ် ဒဏ်ကိုရင်ဆိုင်ရတော့မည့် စစ်ကောင်စီ “

ဟိုင်ဂင်သဘောတူညီချက်အရ စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် ၃ဖွဲ့တို့ ယာယီအပစ်အခတ်ရပ်ထားသည့်ကာလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရှမ်းမြောက်တခွင်တွင် စစ်ဆင်ရေးများစတင်ခဲ့သလို ပြီးခဲ့သည့် မတ်လ (၇)ရက်နေ့တွင်လည်း ( ၀၃၀၇ )စစ်ဆင်ရေးအဖြစ် ကချင်ပြည်နယ်အတွင်း စစ်ရေးဖော်ဆောင်မှုများကို ပြုလုပ်ခဲ့ပြီး လိုင်ဇာရှိ KIA ဌာနချုပ်ကို ခြိမ်းခြောက်နေသော စစ်တပ်စခန်းများ၊ကာကင်းစခန်းများအစရှိသည့် စခန်းပေါင်း ၃၀ခန့်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

KIA ၏ လက်ရှိစစ်ဆင်ရေးကို သုံးသပ်ရရင် စစ်ကောင်စီဘက်မှ အမြဲတမ်းခြိမ်းခြောက်ခံနေသည့် လိုင်ဇာမြို့၏ လုံခြုံရေး၊ မြစ်ကြီးနား- ဗန်းမော်လမ်းကြောင်း ထိန်းချုပ်ရေး သာမက မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်မြို့ကြီးများကိုပါ ထိန်းချုပ်ရန်ကြိုးစားနေပြီး စစ်ကောင်စီဘက်မှ ကုန်းလမ်း စစ်ကူ နှင့် ရိက္ခာပို့ရာ လမ်းကြောင်းများလာနိုင်သည့် ဗန်းမော်၊ မြစ်ကြီးနား၊ ဖားကန့် နှင့် ပူတာအို လမ်းပိုင်းအားလုံး ပိတ်ဆို့ ဖြတ်တောက်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင် KIA အနေဖြင့် စစ်ကောင်စီအတွက် စီးပွားရေးအချက်အချာကျသည့် ဖားကန့်ဒေသကို အလုံးစုံ ထိန်းချုပ်ဖို့ ကြိုးစားလာသလို ဖားကန့်ဒေသရှိ တာမခန်၊ ကသိုင်းတောင်၊ တန်သုံးထောင်စခန်းများကိုလည်း KIA မှ တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖားကန့်- မြစ်ကြီးနား၊ မိုးညှင်း- ဟိုပင်- မြစ်ကြီးနား လမ်းကြောင်းများကိုလည်း ထိန်းချုပ်ထားတာကို တွေ့မြင်ရပါတယ်။ ယခုနှစ်ဆန်းပိုင်းမှလည်း ဖားကန့်၏ အခြားဝင်ပေါက်နှစ်ခုဖြစ်သည့် အင်းတော်ကြီး-ဝှေခါ- နမ့်မှော်လမ်းကြောင်းပေါ်တွင်ရှိသည့် ဝှေခါတပ်စခန်းနှင့် ကာမိုင်း-လုံခင်းလမ်းကြောင်းပေါ်တွင်ရှိသည့် နမ့်တိန်တပ်စခန်းတို့အား KIA မှ သိမ်းပိုက်ထားနိုင်သလို ဆွမ်ပရာဘွမ် နှင့် ပူတာအိုရှိ စစ်ကောင်စီစခန်းများကိုလည်း ထိုးစစ်ဆင်နေပြီး ပူတာအိုမှ မြစ်ကြီးနားသို့ ဆင်းလာမည့် စစ်ကောင်စီ၏ လမ်းကြောင်းများကို ဖြတ်တောက်ထားနိုင်တာကိုလည်း တွေ့ရှိရပါတယ်။

ဒါ့အပြင် ရေလမ်းကြောင်းဖြင့် ဗန်းမော်ထိ တက်လာမယ့် စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကိုလည်း KIA က သိရှိထားတဲ့အတွက် ရေလမ်းမှဗန်းမော်ထိ တက်လာမည့် စစ်ကောင်စီကို KIAနှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်လျက်ရှိတာကိုလည်း သိရှိရပါတယ်။ ထို့ကြောင့် ကုန်းလမ်းနှင့်ရေလမ်း အားလုံးပိတ်ဆို့ခံနေရသည့် စစ်ကောင်စီအတွက် နောက်ဆုံးအသုံးပြုရမည့် ထောက်ပို့လမ်းကြောင်းတစ်ခုမှာ လေကြောင်းလမ်းတစ်ခုသာ ကျန်ရှိတော့တာကို တွေ့မြင်ရပါတယ်။ လက်ရှိအနေအထားအရ စစ်ကောင်စီအတွက် ကချင်ဒေသအတွင်း လေကြောင်းသွားလာမှုဟာ စွန့်စားရာကျပြီး စရိတ်စခလည်း ပိုပြီးကြီးမားနိုင်တာကြောင့် လေကြောင်းခရီးဟာလည်း ထင်သလောက်မလွယ်ကူတာကိုလည်း တွေ့မြင်ရပါတယ်။

ထို့ကြောင့် KIA ၏ ယခုတစ်ခေါက်စစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့ အဓိက တပ်ဌာနချုပ်များရှိရာ မြစ်ကြီးနား၊ ဗန်းမော် နှင့် ဖားကန့်မြို့ကြီးများကို စစ်ကူနှင့် ရိက္ခာဖြတ်တောက်ပြီး ဖြတ်လေးဖြတ်နှင့် အနေအထားဖြင့်လက်နက်ချ အညံ့ခံလာအောင် လုပ်ဆောင်လာမှာ ဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ် ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *