တပ်မ ၉၉ မှ အိမ်ထောင်သည် ရဲမေများက တိုက်ပွဲအတွင်း သေဆုံး ပျောက်‌ဆုံးနေသည့် လင်ယောက်ျားများကို စစ်ပြေးစာရင်း မတင်ရန် တောင်းပန်နေရ

စစ်ကောင်စီ၏ တပ်မ (၉၉) မှ အိမ်ထောင်သည် ရဲမေများသည် ရှေ့တန်းစစ်မျက်နှာပြင် တိုက်ပွဲအတွင်း သေဆုံး ပျောက်‌ဆုံးနေသည့် ၎င်းတို့၏ လင်ယောက်ျားများကို စစ်ပြေးစာရင်း မတင်ရန် တပ်စုမှူး၊ တပ်ခွဲမှူးများထံ တောင်းပန်နေရကြောင်း အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နှင့်နီးစပ်သည့် တပ်အသိုင်းအဝိုင်းထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှေ့တန်းစစ်မျက်နှာပြင် တိုက်ပွဲအတွင်း အသေခံ၍ အသက်စွန့်သွားသော်လည်း စစ်တပ် အရာရှိပိုင်းများသည် စစ်ပြေးစာရင်းသွင်းကာ စစ်ပြေးအဖြစ် ကြေညာသည့်အတွက် ၎င်းတို့၏ အသက်စွန့်ကြေးနှင့် အာမခံကြေးများ၊ ဦးပိုင်ကြေးများကို မိသားစုဝင်များမှ ခံစားခွင့်မရရှိကြကြောင်း သိရသည်။

“တပ်မ (၉၉) က အိမ်ထောင်သည်ရဲမေတွေစုပြီး ပျောက်ဆုံးနေတဲ့ သူတို့ယောက်ျား တွေကို စစ်ပြေးစာရင်းမတင်ဖို့ ဝိုင်းတောင်းပန်နေကြတယ်။ ရဲဘော် ရဲဘက်စိတ်တွေ မရှိကြတော့ဘူး”ဟု တပ်မ ၉၉ နှင့်နီး စပ်သည့် တပ်တွင်း သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီတပ်မှ တပ်ရင်း၊ တပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ စစ်ဆင်ရေး ဝင်နေကြရခြင်းဖြစ်ပြီး စစ်တပ်ကချမှတ်ထားသည့် စစ်ဆင်ရေးကာလ ၆ လဝင်၊ ၆ လနားဆိုသည့် ကျင့်ထုံးနည်းဗျူဟာစနစ်များအတိုင်း မဟုတ်ဘဲ ယနေ့အချိန် အထိနောက်တန်းသို့ မပြန်နိုင်ဘဲတိုက်ပွဲ၌သေဆုံးနေကြရကြောင်း သိရသည်။

“လူအင်အား၊ လက်နက်အင်အားမမျှလို့ စစ်ကြောင်းလိုက် နောက်ပြန်ဆုတ်လာရင်း လမ်းမှာပျောက်နေလည်း စစ်ပြေးစာရင်းကြေညာတာ။ ပိုက်ဆံတွေ မပေးချင်လို့။ ဒီလိုသာဆက်လုပ်နေရင် တပ်မလိုက်အကုန် အလံဖြူထောင်ပြီး အလင်းဝင်ကုန်ကြ တော့မှာ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ အရာရှိများသည် လက်အောက်ငယ် သားများကို နောက်တန်းပြန်ရန် စေလွှတ်ခြင်းမရှိဘဲ ရှေ့တန်းတွင် မတန်တဆ ခိုင်းစေကာ နောက်တန်းရှိ အိမ်ထောင်သည် ရဲမေများနှင့် အသက်အပြည့်သေးသည့် ကလေးများကို ကင်းစောင့်ခိုင်းမှုများနှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းနယ်မြေများတွင် ရဲမေများက ကတုတ်ကျင်းထဲတွင် ကင်းစောင့်နေရမှုများရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ နယ်မြေအချို့နှင့် စစ်မျက်နှာဖွင့်ထားသည့်နေရာများတွင် စစ်ရေး ရှုံးနိမ့်နေပြီး သေဆုံးသွားသည့် တပ်သားများ၏ ခံစားခွင့်များကိုမူ မိသားစုများကို မပေးဘဲ တပ်ပြေး၊ စစ်ပြေးအဖြစ် ကြေညာနေသည့်အတွက် တပ်မ (၉၉) မှ ရဲမေများက ဝိုင်းဝန်း တောင်းပန်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်မ (၉၉) သည် အလယ်ပိုင်းတိုင်းစစ် ဌာန ချုပ်နယ်မြေဖြစ်သည့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့ နယ်အ‌ခြေစိုက် ခြေမြန်တပ်မဌာနချုပ်ဖြစ်ပြီး ပင်မတိုက်ခိုက်ရေး၊ အကူတိုက်ခိုက်ရေး၊ ရွေ့လျားတိုက်ခိုက်ရေးနှင့် စစ်ကစားခြင်းစသည့်ကဏ္ဍများကို တာဝန်ယူရသည့် တပ်မဖြစ်သည်။

တပ်မ (၉၉) သည် မုံးကိုးနှင့် ရှမ်းပြည်နယ်တို့တွင် ယခင်ကတည်းက စစ်ဆင်ရေးဝင်နေရခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်များ အားထားရသည့်တပ်မတစ်ခု လည်းဖြစ်သည်။

မြောက်ပိုင်း ညီနောင် မဟာမိတ် သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” မုံးကိုးတိုက်ပွဲတွင် တပ်မ (၉၉) မှ ဗိုလ်မှူးချုပ် အောင်ကျော်လွင်သေဆုံးခဲ့ပြီး တပ်မမှူးဗိုလ်မှူးချုပ်အဆင့်ရှိသူ သေဆုံးမှုမှာ စစ်ကောင်စီတပ်မှ တော်လှန်ရေးကာလ “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲအတွင်း‌ ရာထူးကြီးသူတစ်ဦးပထမဦးဆုံး သေဆုံးခြင်းဖြစ်သည်။

ယင်း တပ်မ (၉၉) သည် စစ်တပ်အာဏာမသိမ်းမီ ကတည်းက မုံးကိုးနှင့် ရခိုင်ပြည်နယ် တို့တွင် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေ ရိကန်နိုင်ငံမှ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများရှိ ခဲ့သည်။

စစ်တပ်က နိုင်ငံတော် အာဏာသိမ်း ပြီးနောက်တွင်လည်း စစ်ကိုင်းတိုင်းရှိ ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရချိုးဖောက်မှုများကြောင့် ထပ်မံအရေးယူဒဏ်ခတ် ပိတ်ဆို့ခံထားရသည့် တပ်မဖြစ်သည်။

ပုံစာ – ကချင်ပြည်နယ် ဗန်းမော်ရှိ ခမရ ၄၃၈ မှ ရဲမေများပါ ပါရမီဖြည့်ဖက်ဟုဆိုကာ ကတုတ်ကျင်းထဲတွင် ကင်းစောင့်နေကြရပုံ


Comments

Leave a Reply

Your email address will not be published. Required fields are marked *