တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလတွင်း မီးအပြည့်ပေးနိုင်ပြီး အခု ဘာကြောင့် မပေးနိုင်တာလဲ အကြောင်းအရင်း

လတ်တလောအ‌မေးများတဲ့ ကိစ္စတခုကတော့ စာမေးပွဲကာလမှာ အပြည့်နီးပါးပေးနိုင်ပြီး အခုကြတော့ ဘာကြောင့် မပေးနိုင်ရတာလဲ ဆိုတဲ့မေးခွန်းပါပဲ။

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်စက်ရုံပေါင်း ၂၇ခု အပူစွမ်းအင် သုံးဓာတ်အားပေးစက်ရုံပေါင်း ၂၀ခု စုစုပေါင်း တပ်ဆင် အင်အားက ၅၃၀၀မဂ္ဂဝပ်ကျော်ရှိပါတယ်။

ဆိုလိုတာက အရင်းအမြစ်(ကုန်ကြမ်း)ရှိပြီး စက်အားလုံးကောင်းမွန်လို့အပြည့်အဝသာ ထုတ်နိုင်မည်ဆိုရင် ၅၃၀၀ မဂ္ဂဝပ်ထိ ထုတ်နိုင်စွမ်းရှိပါတယ်။ဓာတ်အားလိုအပ်ချက်က ၄၂၀၀ မဂ္ဂဝပ်ကျော်ဆိုတော့ အတန်အသင့်နိုင်နင်းတဲ့ တပ်ဆင်ထားမှုလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ ဒါက တပ်ဆင်အင်အားဖြစ်ပြီး အမှန်တကယ် ထုတ်လုပ်နိုင်အားက အဲ့လောက်မရှိပါဘူး။ အဲ့စက်တွေ ပျက်နိုင်ပါတယ်။ မပျက်အောင် ထိန်းပြင်လုပ်ရတဲ့ အချိန်တွေရှိတယ်။ ကုန်ကြမ်းဝယ်ယူဖို့ ခက်ခဲတာရယ်။ ရေအားဆို ရာသီဥတုအရ ရေမလုံလောက်တာတွေရှိတာရယ်ကြောင့် ထုတ်လုပ်နိုင်စွမ်းအားဆိုတာ အပေါ်က အချက်အလက်တွေအရ တပ်ဆင်အင်အားရဲ့ %ရာခိုင်နူန်းသာ ထုတ်နိုင်ပါတယ်။ ဒါကလည်း ကိန်းသေတွက်လို့ မရပြန်ပါဘူး ထားပါတော့။

နောက်တချက်က တနှစ်လုံးစာ ဓာတ်အားလိုအပ်ချက်ကို တွက်ချက်ရတာပါ။ တပ်ဆင်အင်အားလည်း လုံလောက်တယ်။ တရက်တာ ဓာတ်အားလိုအပ်ချက်ကိုလည်း အပြည့် အဝမောင်းနှင် ထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ ဒီနူန်းအတိုင်းမောင်းနှင်မယ်ဆိုရင် နှစ်တဝက်ရှိသေးတယ် ဓာတ်အားထုတ်လုပ်စရာ ကုန်ကြမ်း(Gas) သို့ ရေ အကုန်ကုန်သွားပါလိမ့်မယ်။

ဒါဆိုရင် ကျန်တဲ့နှစ်တဝက်လုံး မီးအမှောင်ချပြီး နေကြရပါလိမ့်မယ်။ ဒါတွေလုံလောက်အောင်လုပ်လို့မရပုလား။ သဘာဝဓာတ်ငွေ့သိုက်ကနေ Gas တရက်ကုဗပေဘယ်လောက်ထုတ်လုပ်နိုင်မယ်။ တနှစ်ဘယ်လောက်ပဲ ထုတ်လုပ်နိုင်မယ်။ အကန့်အသတ်ရှိပါတယ်။

ရေအားလည်း ထိုနည်း၎င်းပါဘဲ။ မိုးရွာတယ်။ ဆည်ထဲမှာ အပြည့်ရဆိုကြပါစို့ နောက်မိုးရာသီမရောက်မချင်း ရေပြန်မပြည့်မချင်း ထိန်းမောင်းရပါတယ်။ ထားပါတော့ အကန့်အသတ်ရှိတယ်ဆိုတာ သိစေချင်ယုံပါ။

ဒီတော့ ဘာ‌လုပ်ရသလဲ။ဘယ်စက်က ရေဂါလံဘယ်လောက်ပဲ ထုတ်မောင်းမယ်။ Gasက တနှစ် ဘယ်လောက်ရမယ်။ Gasနဲ့ဆို ဘယ်လောက် မဂ္ဂဝပ်ထုတ်နိုင်မယ်။ အရေးပေါ်အတွက် အရံဘယ်လောက်ချန်ထားမယ်။ ကဲဒါတွေခြုံငုံပြီးမှ တရက်စာထုတ်လုပ်ဖို့ကို ဘယ်လောက်သတ်မှတ်မယ်။ ပုံမှန် Load shed ဘယ်လိုလုပ်မယ်။ ဘယ်လောက်လျော့ချနိုင်မယ်။ ဒိထက် အသုံးပိုလာရင် LDC လုပ်ပါ။

ဒီအချက်တွေကို ဖတ်ပြီးရင် ဆယ်တန်းကာလမီးမှန်တာက ပိုလျံနေလို့ ပေးတာမဟုတ်ဘဲ။ တက္ကသိုလ်ဝင်တန်းရဲ့ အရေးကြီးမှု၊ အရေးပါမှုတွေကြောင့်သာ တရက်တာ သတ်မှတ်နူန်းထက် ပိုမိုမောင်းနှင်ပေးထားရတာဖြစ်ပါတယ်ဆိုတာ နားလည်‌ပေးလိမ့်မယ်ထင်ပါတယ်။

ယခုလို မီးပြန်ပျက်ရတာက နောက်နှစ်မိုးရာသီအတွက် ချင့်ချိန်ပြီး မောင်းနှင်နေရခြင်းသာ ဖြစ်ပါကြောင်း သိရသမျှ ဝေမျှအပ်ပါသည်။

ကေအက်စ်(ခွဲမှူး)


Comments

Leave a Reply

Your email address will not be published. Required fields are marked *