မန္တလေး ပုသိမ်ကြီးမြို့နယ်အတွင်း စစ်သားသစ် စုဆောင်းမယ့် စာရင်း ထွက်ပေါ်လာ

ကျေးရွာအလိုက် နာမည်စာရင်းတောင်းပြီး မဲမနှိုက်လိုသူတွေကို ငွေတောင်းနေ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်း ရပ်ကွက်နဲ့ကျေးရွာအလိုက် စစ်သားသစ် စုဆောင်းခံရမယ့် အရေအတွက် ထွက်ပေါ်လာပြီး အဲ့ဒီ စာရင်းထဲက အရေအတွက်အတိုင်း စစ်အုပ်စုက အမည်စာရင်း လိုက်တောင်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပုသိမ်ကြီးမြို့ မြို့မရပ်ကွက်က ငါးယောက် စစ်သားသစ် စုဆောင်းခံရမှာ ဖြစ်ပြီး နန်းဦးလွင်ရပ်ကွက်က ခုနှစ်ယောက် စစ်သားသစ် စုဆောင်းခံရမှာ ဖြစ်ကာ ကျန်တဲ့ ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာအုပ်စုတွေ အနေနဲ့ တစ်အုပ်စုကို အနည်းဆုံး တစ်ယောက်ကနေ အများဆုံး ခြောက်ယောက်အထိ (စစ်သားသစ် စုဆောင်းခံရမှာ ဖြစ်ပါတယ်။

“အဲ့ဒီ စာရင်းထဲကအတိုင်း နာမည်စာရင်း လိုက်တောင်းနေတာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

နာမည်စာရင်း ပေးထားသူတွေကို ဘယ်နေ့၊ ဘယ်အချိန် လာခေါ်မယ်ဆိုတာ မပြောသေးပေမယ့် စစ်အုပ်စုက ပုသိမ်ကြီးနယ်က ကျေးရွာအုပ်စုတွေမှာ အစည်းအဝေးတွေ ခေါ်ပြီး ခွဲတမ်းကျတဲ့အတိုင်း ပထမဆုံး စစ်ထဲဝင်မယ့် သူတွေရဲ့ နာမည်စာရင်းတွေ လိုက်တောင်း နေတာလို့ ဆိုပါတယ်။

ရပ်ရွာကနေ နာမည်စာရင်း မပေးပါက မဲနှိုက်မှာ ဖြစ်ကြောင်းနဲ့ မဲမနှိုက်ဘဲ အမည်စာရင်းပေးပြီး ပထမဆုံး စစ်ထဲ ဝင်မယ့်သူတွေ ကိုတော့ ရပ်ရွာကနေ ခွဲတမ်းနဲ့ ငွေကောက်ခံကာ ရရှိလာတဲ့ ငွေကို ဆုချတဲ့သဘောမျိုး ထောက်ပံ့ပေးမယ့်အကြောင်း စည်းရုံးနေတာလို့ ဒေသခံက ပြောပါတယ်။

“ပုသိမ်ကြီးမြို့နယ်ထဲက ရွာတွေမှာ အစည်းအဝေး လုပ်တယ်။ တစ်ရွာကို နှစ်ယောက် စစ်မှုထမ်းရမယ်။ Volunteer (မဲမနှိုက်ဘဲ ကိုယ့်ကိုကိုယ် အဆိုပြုကာ ပထမဆုံး စစ်ထဲဝင်သူ) လုပ်မဲ့ အဲ့ဒီ နှစ်ယောက်အတွက် တစ်အိမ်ကို နှစ်သောင်းနှူန်း၊ တချို့ရွာတွေ သုံးသောင်းနှုန်း စုပြီး အဲ့ဒီလူ နှစ်ယောက်အတွက် ထောက်ပံ့ကြေး ပေးရမယ်ပေါ့။ အကယ်၍ အဲ့ဒီ Volunteer နှစ်ယောက် မရခဲ့ရင် မဲနှိုက်ပြီး ရွေးရမယ်ဆိုပြီး လိုက်လုပ်နေတယ်။ အခု လောလောဆယ်တော့ ရွာကြီးတွေမှာ လိုက်လုပ်နေတယ။ အုပ်စုရွာတွေပေါ့။ လွန်ခဲ့တဲ့ တပတ်လောက်က စပြီး လုပ်နေတာပဲ။ ရွာသားတွေကတော့ ပေးလည်း မပေးချင်၊ မဲလည်း မနှိုက်ချင်ကြပေမယ့် ကြောက်တော့လည်း ပေးရတာပါပဲ” လို့ ဒေသခံက ဆိုပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ပုသိမ်ကြီးမြို့နယ်ဟာ မြို့ပေါ် ရပ်ကွက် တစ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၅၈)ခုရှိပြီး MFP က ရရှိထားတဲ့ စာရင်းအရ မြို့ပေါ် တစ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၄၅)ခုအတွက် လူ(၁၅၀)ဝန်းကျင် စစ်သားသစ် စုဆောင်းခံရမှာ ဖြစ်ပါတယ်။

စစ်သားသစ် စုဆောင်းခံရမယ့် အရေးဟာ ဘယ်သူမှ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘဲ လူတိုင်းဟာ စစ်ထဲ ဝင်ရမှာ ဖြစ်ပြီး စစ်ထဲ စောစောဝင်သူတွေကို ရပ်ကွက်ကနေ ငွေကောက်ပြီး ထောက်ပံ့မှာ ဖြစ်သလို ကနဦး လတွေမှာ စစ်မတိုက်ရဘဲ ကိုယ့်ရပ်ကွက်ရုံးမှာပဲ ကင်းစောင့်ရမှာ ဖြစ်တယ်လို့ စစ်အုပ်စုက ပြောဆိုစည်းရုံးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေးတိုင်းအတွင်းက ကျေးရွာတချို့မှာတော့ စစ်ထဲဝင်ဖို့ စာရင်းကောက်ထားသူတွေကို ယခု မတ်(၂၇)ရက်မှာ လာခေါ်မှာမို့ အသင့်ပြင်ဆင်ထားကြဖို့ စစ်အုပ်စုက မှာကြားထားတယ်လို့လည်း ဆိုပါတယ်။

အသက်(၁၈)နှစ်နဲ့ (၃၅)နှစ်ကြား လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းမှာ ဖြစ်ပြီး စစ်ထဲ မဝင်ပါက အမြင့်ဆုံး ထောင်ငါးနှစ်အထိ ချမယ်လို့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက ဖေဖော်ဝါရီ (၁၀)ရက်မှာ ကြေညာထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *