မတ္တရာ ဟလင်းရွာက စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

လက်နက်ကိုင် သောင်းကျန်းနေပြီး စစ်သားသစ် စုဆောင်းရာမှာ ပါဝင်နေလို့ ပစ်ခတ်ခဲ့တာလို့ ဆို

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ဟလင်းကျေးရွာမှာ လက်နက်ကိုင်းပြီး ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ကိုကို ဆိုသူကို မနေ့က ပစ်ခတ် ရှင်းလင်းခဲ့ပြီး သေနတ်တစ်လက် ရရှိတယ်လို့ ကောင်းကင် တော်လှန်ရေး အင်အားစု တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

မတ်(၂၃)ရက်က မတ္တရာမြို့နယ်၊ ဟလင်းရွာက စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် အောင်ကိုကို ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“မတ္တရာမြို့နယ် ဟလင်းကျေးရွာရှိ စကစခန့် အုပ်ကြီး အောင်ကိုကို ပျူခေါင်းဆောင်သည် ပြည်သူအား ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ လက်နက်ပြ ငွေကြေးကောက်ခံခြင်းနှင့် စကစအတွက် စစ်မှုထမ်းရန် လိုက်လံ စာရင်း ကောက်ခံနေပါသဖြင့် ကျနော်တို့ …. မှ ရှင်းလင်း သုတ်သင်ခဲ့ပါတယ်” လို့ ကောင်းကင် တော်လှန်ရေး အင်အားစု တပ်ဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ ပျူခေါင်းဆောင်၊ အုပ်ချုပ်ရေးမှူးကို ကောင်းကင် တော်လှန်ရေး အင်အားစု၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မတ္တရာမြို့နယ် (ပကဖ) တိုက်နယ် (၂)တို့ ပူးပေါင်းပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“မတ္တရာမြို့နယ်အတွင်းရှိသော စကစခန့် အုပ်ကြီးများ အနေဖြင့် စစ်မှုထမ်းရန် စာရင်းကောက်ခံခြင်း၊ ပြည်သူ့အပေါ် ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ပါက ဆက်လက် ရှင်းလင်း သု-တ် – သ-င် သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါတယ်” လို့ ကောင်းကင် တော်လှန်ရေး အင်အားစုက ဖော်ပြပါတယ်။

မတ္တရာမြို့နယ်အတွင်းက ပြည်သူတွေကို စစ်မှုထမ်းဖို့ ဖိအားပေးကာ ငွေညှစ်နေသူ အားလုံးကို ထိရောက်စွာ အရေးယူမယ်လို့ မတ္တရာမြို့နယ် ပကဖ ကလည်း မတ်(၂၀)ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပြည်သူတွေအနေနဲ့ စစ်အုပ်စုက စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ ရောက်ရှိလာပါက တော်လှန်ရေး အဖွဲ့အစည်းတွေထံ ချိတ်ဆက်ကာ အကူအညီ တောင်းခံနိုင်သလို စစ်မှုထမ်းဖို့ အတင်းအကြပ် လုပ်ဆောင်နေတဲ့ စစ်အုပ်စု နောက်လိုက်တွေရဲ့ အမည်နဲ့ နေရပ် တွေကိုလည်း တော်လှန်ရေး အဖွဲ့တွေထံ တိတိကျကျ သတင်းပေး တိုင်ကြားနိုင်တယ်လို့ မတ္တရာ မြို့နယ် ပကဖ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်း စစ်အုပ်စုက လူငယ်လူရွယ်တွေကို အသေခံ စစ်သားအဖြစ် စုဆောင်းဖို့ ကြိုးစားနေပြီး စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူ၊ မီးသတ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ပါတီဝင်တွေက စစ်သားသစ် စုဆောင်းရေး လုပ်ငန်းစဉ်မှာ ဦးဆောင် ပါဝင် လုပ်ကိုင်ပေးနေကြတာ ဖြစ်ပါတယ်။

မတ်(၂၀)ရက် ညဦးပိုင်းကလည်း အာဏာသိမ်း စစ်အုပ်စုအတွက် စစ်သားသစ် စုဆောင်းနိုင်ရေး လုပ်ဆောင်နေတဲ့ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မိကျောင်းတက်ကျေးရွာက ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံခဲ့ရပါသေးတယ်။

စစ်အုပ်စုအတွက် စစ်သားသစ် စုဆောင်းပေးနေသူတွေကို တုန့်ပြန် တိုက်ခိုက်မှာ ဖြစ်ကြောင်း မန္တလေး မြို့ပြပြောက်ကျား (၁၂)ဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မတ္တရာမြိုပနယ် ဟလင်းရွာက စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင်ထံက သိမ်းဆည်း ရရှိတဲ့ သေနတ်/Photo – ကောင်းကင်တော်လှန်ရေး အင်အားစု တပ်ဖွဲ့


Comments

Leave a Reply

Your email address will not be published. Required fields are marked *