ငဖဲမြို့နယ်မှာ မိုင်းဆွဲခံရတဲ့စစ်ကြောင်းက အရာရှိ ၃ ဦးအပါ ၃၀ ဝန်းကျင်သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက တောင်ပေါ်ဒေသတွေကို စစ်ကြောင်းထိုးပြီး ပြန်ဆုတ်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို PRA-Magwayက တိုက်ခိုက်ခဲ့လို့ အရာရှိတွေအပါအဝင် စစ်သား ၃၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ စစ်ရေးတာဝန်ခံဆီက သိရပါတယ်။

အင်အား ၇၀ ဝန်းကျင်နဲ့ တပ်ပြန်ဆုတ်လာတဲ့ စစ်ကြောင်းကို မတ် ၂၄ရက် မနက်ပိုင်းမှာ ငဖဲမြို့နယ် မထုံးကျေးရွာနဲ့ ဂုတ်စီးရိုးကျေးရွာကြားမှာ PRA-Magwayရဲ့ မောလုံစစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ စစ်ရေးတာဝန်ခံ နောင်သူရိန်က ပြောပါတယ်။

“မြေပြင်သတင်းပို့ချက်တွေအရတော့ မိုင်းကွင်းထဲဝင်လာတဲ့ ရန်သူ့တပ်ဖွဲ့ဝင် ၃၀ လောက်ကတော့ မိုင်းကွင်းထဲမှာပဲ သေကြတယ်။ ဒီ ၃၀ ထဲမှာ အရာရှိ ၄ ယောက်ဝန်းကျင်လောက်ပါပြီး ၃ ယောက်ကတော့ အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီးသေတယ်။ ၁ ယောက်ကတော့ ဒဏ်ရာနဲ့ပြန်ပြီးဆွဲထုတ်ရတယ်” လို့ ပြောပါတယ်။

အင်အား ၇၀ ပါတဲ့တဲ့ အဲ့ဒီခြေလျင်စစ်ကြောင်းထဲမှာ တပ်အစုံကပါဝင်ပြီး အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅)၊ အမှတ် ၄၀၉ အမြောက်တပ်ရင်း(အမတ ၄၀၉) နဲ့ စကုဘက်က တပ်တွေလည်း ပါဝင်တယ်လို့ စစ်ရေးတာဝန်ခံ နောင်သူရိန်က ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီးတော့ တောင်ပေါ်ဒေသကလူငယ်တွေကို အတင်းအဓမ္မ လူသစ်စုဆောင်းနေတဲ့ စစ်ကြောင်းဖြစ်ကာ တိုက်ခိုက်ခံရအပြီးမှာ ပဒါန်း-အမ်း ကားလမ်းမအတိုင်း ဆုတ်ခွာသွားတယ်လို့ ပြောပါတယ်။

သေဆုံးအလောင်းတွေကို လူနာတင်ကားတွေ၊ လုံခြုံရေးအဖွဲ့တွေနဲ့ မတ် ၂၅ရက် ဒီကနေ့အထိ သယ်သူနေဆဲဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို PRA-Magway တပ်ဖွဲ့သီးသန့်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှေ့ဆက်ပြီးစစ်ကောင်စီကို တဖွဲ့ချင်းဖြစ်စေ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ ဖြစ်စေ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ PRA-Magway ရဲ့ စစ်ရေးတာဝန်ခံ နောင်သူရိန်က ပြောပါတယ်။

ပုံစာ – PRA Magway တပ်ဖွဲ့ဝင်များ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *