စလင်းက ကျေးရွာတာဝန်ခံ ၁ ဦး ဖမ်းဆီးသတ်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပန်းပြင်ကျေးရွာက ကျေးရွာတာဝန်ခံအမျိုးသား ၁ ဦး နေအိမ်ကနေ ဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၂၆ ရက် မနက် ၁ နာရီဝန်းကျင်မှာ ပန်းပြင်ကျေးရွာတာဝန်ခံ အသက် ၅၅ နှစ်အရွယ် ဦးလူမြင့် (ခ) ဦးမှုံစီဆိုသူကို သေနတ်ကိုင်ဆောင်ထားသူ ၄ ဦးလောက်က နေအိမ်ကနေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“လက်ရှိ စစ်မှုထမ်းကိစ္စတွေနဲ့ပဲ ပတ်သက်နေနိုင်တယ်။ သူတို့(ဦးလူမြင့်)လည်း စစ်မှုထမ်းဖို့ လူစုပေးရတဲ့အထဲ ပါတယ်။ သူအလောင်းကတော့ အခြားကျေးရွာသွားလမ်းပေါ်မှာ ပြန်တွေ့ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးလူမြင့်အလောင်းကို ဒီမနက် ၅ နာရီကျော်မှာ ပန်းပြင်ကျေးရွာအနောက်ဘက် တမိုင်ကျော်အကွာ သရက်တော- ဆင်ဖြူကျွန်းသွား မြေနီလမ်းဘယ်ဘက်ရှိ ဇရပ်အနီးမှာ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ရပြီး အလောင်းကိုတော့ ဒေသခံတွေက စလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့က ဘာကြောင့်လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

မတ်လ ၁၈ ရက်ကလည်း စလင်းမြို့နယ်၊ ပခက်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးဆိုသူ သူ့ရဲ့နေအိမ်မှာပဲ လက်နက်ကိုင်ဆောင်ထားသူတွေရဲ့ ပစ်သတ်တာကို ခံခဲ့ရပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *