ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်မှာ ဗိုလ်မှူးချုပ်ကျော်စွာဦးဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင်ဖော်ပြထားသည်။
နပခ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနေရာတွင် ဗိုလ်မှူးချုပ်ကျော်စွာဦးကိုတိုင်းမှူးအသစ်အဖြစ် အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။
ယင်းတိုင်းမှူးအသစ်သည် ယခင်ကတနင်္သာရီတိုင်းရှိ ကမ်းရိုးတန်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး ဖြစ်ပြီး ၎င်းသည် တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဖြစ်သည်။
စစ်ကောင်စီသတင်းစာထဲတွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်က စစ်တွေမြို့ရှိ လောကာနန္ဒာ စေတီတော်တွင် ကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆပ်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် ဗိုလ်မှူးချုပ်ကျော်စွာဦးက ဆပ်ကပ်လှူဒါန်းနေသည်ကို ရာထူးနှင့်တကွဖော်ပြထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအား စစ်ကောင်စီက ရာထူးမှဖယ်ရှားပြီး အရန်အင်အားသို့ ပြောင်းရွှေ့အရေးယူလိုက်ကြောင်း တပ်တွင်းနီးစပ်သည့်သတင်းရင်းမြစ်များထံက သိရသည်။
၎င်းနေရာတွင် အမှတ် (၇၇) တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်ကို အစားထိုးမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဗိုလ်မှူးချုပ်ကျော်စွာဦးကို ခန့်အပ်လိုက်ခြင်းဖြစ်သည်ကို တွေ့ရသည်။
တိုင်းမှူးအသစ်ပြောင်းရွှေ့ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွင် မတ်လ ၂၄ ရက်မှစ၍ ယမန်နေ့မတ်လ ၂၅ ရက်အထိ ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတို့နှစ်ဘက်ထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
ရက္ခိုင့်တပ်တော်(AA)သည် ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှ စတင်ခဲ့သည့်စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်ရှိမြို့ကိုးမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။
ရခိုင်စစ်မျက်နှာ၌ အကျအဆုံးများနေသည့် အခြေအနေကြောင့် ယခုကဲ့သို့ ရာထူးအပြောင်းအရွှေ့ပြုလုပ်ခြင်းဖြစ်ကြောင်း တပ်တွင်းနီးစပ်သူများကဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် အမ်းမြို့နယ်အပါအဝင် ဘူးသီးတောင်နှင့်မောင်တောမြို့တို့၌ နှစ်ဘက်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်။
Leave a Reply