မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောကျေးရွာရှိ ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်

ကုန်းလောမြို့အခြေစိုက် ခမရ(၃၈၇) တပ်ရင်းကို KIA သိမ်းပိုက်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ ကုန်းလောမြို့ အခြေစိုက် ခမရ(၃၈၇)တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ခမရ(၃၈၇) တပ်ရင်းဌာနချုပ်စခန်းကို မတ်လ ၂၆ရက် နံနက် ၇နာရီ ၄၀မိနစ်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအပါအဝင် အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIAသည် မတ်လ ၂၁ရက်ကလည်း မြစ်ကြီးနား – ဗန်းမော်လမ်းရှိ နွမ့်လန်အခြေစိုက် ခမရ(၄၃၈) တပ်ရင်း၊ အမှတ်(၆၁၆) ဒုံးတပ်ရင်းတို့ကို သိမ်းပိုက်ခဲ့ပြီး မတ်လ ၂၃ရက်တွင် နောင်ကောန်အခြေစိုက် အမြောက်တပ်(၃၇၀)တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့သည်။

KIAသည် မတ်လ ၇ရက်မှစ၍ စစ်ကောင်စီတပ် စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဆွမ်ပရာဘွမ် စစ်ကောင်စီစခန်းရရှိရေး ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။ ဆွမ်ပရာဘွမ်စခန်းကို မတ်လ ၁၃ရက်က စတင်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများဖြင့် ခုခံလျက်ရှိသည်။

ထို့ပြင် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီး ခလရ(၁၄၁) စစ်ကောင်စီတပ်ရင်းကိုလည်း KIAက ထိုးစစ်ဆင်လျက်ရှိသည်။

မတ်လအတွင်း ဖားကန့်၊ မံစီ၊ လိုင်ဇာ၊ ဝိုင်းမော်၊ မိုးမောက်၊ တနိုင်း၊ ဆွမ်ပရာဘွမ်ဒေသများရှိ စစ်ကောင်စီတပ်စခန်း ၄၀ကျော်ကို KIAက သိမ်းပိုက်ထားပြီး မံစီမြို့နယ်နှင့် မချမ်းဘောမြို့နယ်တို့တွင်လည်း KIAက မတိုက်ခိုက်ရဘဲ စစ်ကောင်စီတပ်များ စခန်းစွန့် ထွက်ပြေးသည့် တပ်စခန်း အနည်းဆုံး ၆ခုထိရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးထားသည်။

(ကုန်းလောမြို့အခြေစိုက် ခမရ(၃၈၇) တပ်ရင်းအား တွေ့ရစဉ်)

မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောကျေးရွာရှိ ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောကျေးရွာရှိ ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းကို KIA က ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောရှိ စစ်ကောင်စီ၏ ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းနှင့် ခမရ ၃၂၀ တပ်ရင်းတို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက် ထိုးစစ်ဆင်ခဲ့ကြောင်း၊ ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

” မိုးမောက်မြို့နယ်၊ မြို့သစ် ကုန်းလော အခြေစိုက် ခမရ-၃၈၇ တပ်ရင်းဌာန စခန်းကို KIAက ဒီနေ့ မနက် ၇ နာရီ ၄၀ မိနစ်မှာ သိမ်းပိုက်ပါတယ်။ အခုထပ်ပြီး ခမရ ၃၂၀ တပ်စခန်းကိုလည်း ဆက်လက်တိုက်ခိုက်နေပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း၊ တိုက်ပွဲအသေးစိတ် အခြေအနေများ ဖြစ်သော စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုနှင့် လက်နက်သိမ်းဆည်းရရှိမှု အခြေအနေများကို လတ်တလော တိုက်ပွဲ ပြင်းထန်နေ၍ မသိရှိရသေး ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- KIA တပ်ဖွဲ့ဝင်များ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *