မိတ္ထီလာရှိ မဟူရာသုဿာန်တွင် စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီး ပျက်ကျ၊ လေယာဉ်မောင်းသင်သူ ၂ ဦး ဒဏ်ရာ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ပြည်သာယာရပ်ကွက်ရှိ မဟူရာသုဿာန်ထဲသို့ စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစီး ယနေ့ မတ်လ ၂၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခွဲခန့်က ပျက်ကျသွားပြီး လေယာဉ်မောင်းသင်သူ နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း မိတ္ထီလာဒေသခံများကအတည်ပြုသည်။

ရှမ်းတဲလေတပ်စခန်းမှ တက်လာသော အမောင်းသင် ရဟတ်ယာဉ်ငယ်သည် လေတပ်စခန်းနှင့် မနီးမဝေးရှိ မဟူရာသုဿာန်ထဲသို့ စက်ချို့ယွင်းကာ ပျက်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

“ပျက်ကျတာ ဟုတ်တယ်၊ မဟူရာ သုဿာန်ထဲ ပျက်ကျတာ၊ အမောင်းသင် ရဟတ်ယာဉ်အသေး၊ စစ်ရောင်ဖြစ်တယ်၊ ဗိုလ်မှူးတယောက်နဲ့ နှစ်ပွင့်တယောက်ပါတယ်၊ သင်တန်းနည်းပြနဲ့ အမောင်းသင်တဲ့သူပေါ့၊ နှစ်ယောက်လုံး ဒဏ်ရာရသွားတာ ဟုတ်တယ်” ဟု မိတ္ထီလာ ဒေသခံတဦးကပြောသည်။

“ဖြစ်ဖြစ်ချင်းပဲ စစ်တပ်တွေ လာဝိုင်းပြီးတော့ အပြင်လူ လုံးဝပေးမကပ်ဘူး၊ ရဲတောင် ပေးမကပ်ဘူး” ဟု မိတ္ထီလာ ဒေသခံက ဆိုသည်။

ပျက်ကျသွားသော ရဟတ်ယာဉ်ငယ်သည် အမောင်းသင် EC 120 ရဟတ်ယာဉ်ငယ် အမျိုးအစားဖြစ်ပြီး ကိုယ်ထည်နှစ်ပိုင်းကျိုးသွားကြောင်း သိရသည်။ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ရှမ်းတဲလေတပ်စခန်းသည် မိတ္ထီလာမြို့နယ်၊ ရှမ်းတဲကျေးရွာအနီးတွင် တည်ရှိသည့် လေကြောင်းအတတ်သင် လေတပ်စခန်းတခုဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်း စစ်ဆင်ရေးများတွင် အသုံးပြုနေသည့် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေး လေယာဉ်များနှင့် ထောက်ပို့လေယာဉ်များသည် မကြာခဏ ပစ်ချခံရခြင်းနှင့် မတော်တဆ ပျက်ကျမှုများ ရှိနေသည်။

ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်ခေါ်သော Y-8 အမျိုးအစား ထောက်ပို့လေယာဉ်တစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *