ကော့ဘိန်းရွာ နယ်မြေရဲစခန်းကို ကရင် ၊မွန် နဲ့ NUG ပူးပေါင်းတပ်တွေ သိမ်းယူခဲ့

ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ်ထဲက ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းကို သိမ်းယူပြီးနောက် ရရှိတဲ့ လက်နက်ခဲယမ်းတွေကို KNU တပ်မဟာ ၆ လက်အောက်ခံ Lion Battalion Commando စစ်ကြောင်းက ဒီနေ့ ညပိုင်းမှာ ဖော်ပြလာပါတယ်။

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ ကော့ဘိန်းရွာ နယ်မြေရဲစခန်းကို မတ်လ ၂၄ ရက်ကစတင်တိုက်ခိုက်ပြီး ဒီနေ့ မတ်လ ၂၅ ရက်မှာ သိမ်းယူခဲ့တာပါ။

Lion Battalion Commando စစ်ကြောင်းက ဖော်ပြတဲ့ ရုပ်သံဖိုင်အရ သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံး MA Series သေနတ်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ သေနတ်တွေ အပါအဝင် စုစုပေါင်းလက်နက် ၁၀လက်ထက် မနည်းကို တွေ့ရပါတယ်။

ကော့ဘိန်းရွာ ရဲစခန်းကို တိုက်ခိုက်တဲ့ တိုက်ပွဲမှာ KNU တပ်မဟာ ၆ လက်အောက်ခံစစ်ကြောင်း ၊ NUG လက်အောက်ခံ ကျားဖြူ စစ်ကြောင်း ၊ ဂဠုန်စစ်ကြောင်း ၊ မွန်ပြည်သစ်ပါတီ (အာဏာရှင်ဆန့်ကျင်ရေး) ၊မွန်ပြည် လွတ်မြောက်ရေး တပ်တော် တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပေမယ့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ က အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး စနစ်တကျဆုတ်ခွာနိုင်ခဲ့ကာ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Lion Battalion Commando စစ်ကြောင်းက အသိပေးပါတယ်။

ကော့ဘိန်းရွာ နယ်မြေရဲစခန်းတိုက်ပွဲတွေကြောက့် ကော့ဘိန်း ၊ကော့ပေါက် စတဲ့ရွာတွေက ဒေသခံ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကောကရိတ် ကော့ဘိန်းရဲစခန်းကို ကရင်-မွန် ပူးပေါင်းတပ် သိမ်းပိုက်

ကရင်နှင့်မွန် နှစ်ပြည်နယ်နယ်စပ် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်း (ကအ်ဗိန်) ရွာရဲစခန်းကို ကရင်နှင့်မွန် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်း (ကအ်ဗိန်) ရွာ ရဲစခန်းကို ကရင်နှင့်မွန် ပူးပေါင်းတပ်များက မတ် ၂၆ တွင် သိမ်းပိုက်လိုက်သည်။

ကရင်နှင့်မွန် နှစ်ပြည်နယ် နယ်စပ်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂၃ ဦး အရှင်ဖမ်းမိကြောင်း၊ တော်လှန်ရေးတပ်များဘက်က ၂ ဦးသေဆုံးခဲ့ကြောင်း စစ်ဆင်ရေးတွင် ပါဝင်သည့် Lion Battalion အဖွဲ့က ထုတ်ပြန်သည်။

စခန်းသိမ်းတိုက်ပွဲတွင် ကရင်လက်နက်ကိုင်တပ် KNU/KNLA လက်အောက်ခံ Lion Battalion ဗျူဟာစစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် Mon Liberation Army, ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ (၃) ပျံလွှားတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဂဠုန်စစ်ကြောင်းကလည်း တိုက်ပွဲအကြောင်း ယနေ့ သတင်းထုတ်ပြန်ရာ ဒရုန်းအဖွဲ့များလည်း အဆိုပါ ထိုးစစ်တွင် ပါဝင်သည်ဟု ဖော်ပြထားသည်။

စခန်းကို တပ်ပေါင်းစုက စတင်တိုက်ခိုက်ပြီး နောက်တစ်ရက်အကြာတွင် သိမ်းနိုင်ခြင်းဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် မွန်ပြည်သစ်ပါတီ-AD ၏ ပြောခွင့်ရအရာရှိ နိုင်ဗညားမွန်က Myanmar Now ကို ပြောသည်။

“မနေ့ကတော့ လေယာဉ်နဲ့ ဗုံးကြဲတယ်၊ လေယာဉ်နဲ့ လာပစ်တာရှိတယ်။ ဒီနေ့အထိလည်း အဲဒီအနီးတစ်ဝိုက်မှာ လာပစ်သွားတယ်လို့ သိရတယ်။ ဒေသခံထိခိုက်သေဆုံးမှုတွေရှိပါတယ်။ သေဆုံး၊ ဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူး” ဟု ၎င်းက မတ်၂၆ တွင် ပြောသည်။

မွန်ပြည်သစ်ပါတီ-AD အနေဖြင့် ကျိုက်မရော စစ်ဒေသ၊ မုဒုံ-မော်လမြိုင် စစ်ဒေသ၊ သံဖြူဇရပ်-ရေး စစ်ဒေသ၊ ကြာအင်းဆိပ်ကြီး စစ်ဒေသစသဖြင့် စစ်ဒေသ ၄ ခု ခွဲပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည်ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ တိုက်ပွဲဖော်တဲ့ ပုံစံကတော့ ၂ နည်းရှိတယ်။ အချို့နေရာမှာကျတော့ စစ်ဆင်ရေးမှာ တပ်ဖွဲ့တစ်ခုချင်းအနေနဲ့ ဖော်တာရှိတယ်။ အချို့နေရာမှာကျတော့ ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ မဟာမိတ်နဲ့ ပူးပေါင်းပြီးတော့ ဖော်ဆောင်နေတာရှိပါတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု မွန်ပြည်သစ်ပါတီ-AD က ဖေဖော်ဝါရီ ၁၄ တွင် ထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲများဖော်ဆောင်လာခြင်းဖြစ်သည်။

ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် လေကြောင်းတိုက်ခိုက်မှုအပြင် ရေကြောင်းကို အသုံးပြီး ဓမ္မဿမြစ်အတွင်းမှ စစ်သင်္ဘောများရပ်တန့်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

အာဏာသိမ်း စစ်တပ်၏ တပ်စခန်းများရှိရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို ၂၀၂၃ ဒီဇင်ဘာတွင် KNLA-PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီးနောက် ကရင်နှင့် မွန်ပြည်နယ် နယ်စပ်ဒေသများတွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

၃ လကြာတိုက်ခိုက်ခဲ့ပြီးနောက် ကော့ကရိတ်မြို့ကို KNLA-PDF ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က မြို့ကို ပြန်လည်ရရှိရန် လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုကာ အစွမ်းကုန် တိုက်ခိုက်နေသည်။

KNLA-PDF ပူးပေါင်းတပ်ဖွဲ့များက အာဏာသိမ်း စစ်တပ်၏ နယ်စပ်စခန်းများဖြစ်သည့် ကွီလုံတိုင်၊ မဲသရောထနှင့် ရေသလျှောက်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF ကလည်း မတ် ၂၃ က ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *