အင်းစိန်ထောင်တွင် အကျဉ်းဦးစီးဝန်ထမ်း အမျိုးသမီးဦးစီးမှူးက နိုင်ငံရေးအကျဉ်းသူများအပါအဝင် အကျဥ်းသူများအပေါ် ဆိုးရွားစွာ ခေါင်းပုံဖြတ် စီးပွားရှာ

ရန်ကုန်မြို့ ၊အင်းစိန်အကျဥ်းထောင်အတွင်းတွင် မတရားဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသူများအပါအဝင် အကျဉ်းသူများအပေါ် အမျိုးသမီးဦးစီးမှူး မိမိလှိုင် ဆိုသူသည် ထောင်အပြောင်းအရွှေ့ပိုက်ဆံကောက်ခြင်း၊ ထောင်အတွင်းနေရာများ ရောင်းခြင်း၊ KTV ဖွင့် စီးပွားရှာခြင်းများအပြင် ဆိုးဝါးစွာ ခေါင်းပုံဖြတ်၍ ထောင်တွင်းစီးပွားရေး လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM) ထံမှ သိရှိရသည်။

အမျိုးသမီးဦးစီးမှူး မိမိလှိုင်နှင့် အပေါင်းပါများသည် အင်းစိန်ထောင်၌ ခေါင်းပုံဖြတ်မှုများကို ဆိုးဆိုးရွားရွားလုပ်ဆောင်နေကြောင်း၊ အကျဥ်းသူများနေရာချထားမှု၊အဆောင်အပြောင်းအရွေ့များတွင် မိမိလှိုင် သည် အဓိကထားကိုင်တွယ်နေရသူဖြစ်ပြီး သူ့ခွင့်ပြုချက်ရမှသာ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းအိပ်ခွင့်ရှိကြောင်း၊ ၎င်းကို ပိုက်ဆံပေးနိုင်သူများသည် အဆောင်အတွင်း၌ နေရာကောင်းများ ဖြစ်သည့် ဘုရားစင်အောက်၊အပေါ်ထပ်အဆင့်၊လေဝင်လေထွက်ကောင်းသောနေရာ တို့တွင်နေရပြီး ပိုက်ဆံမပေးနိုင်သူများမှာမူ အိမ်သာဘေး၊အခန်းအတွင်းရှိ အမှိုက်စွန့်ပစ်ရာနေရာအနီး၊အနံ့အသက်ဆိုးသောနေရာများ တွင်သာ နေရာရကာ အိပ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“စီးပွားရှာတဲ့အထဲမှာတော့ အတော့်ကိုမှ ဆိုးဆိုးဝါးဝါး စီးပွားရှာနေတဲ့ အမျိုးသမီးဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသူတွေတင်မကဘဲ အကျဉ်းသူ အားလုံးဆီက နေရာရောင်းစားတယ်၊ ထောင်မပြောင်းချင်ဘူးဆိုရင် ပိုက်ဆံပေးရမယ် မပြောင်းရအောင် လုပ်ပေးမယ်ဆိုတာမျိုး။ ထောင်ထဲမှာ အားလုံးက ဝမ်းနည်းပူဆွေးနေတာကို အပူစာတွေ ညှစ်ထုတ်ပြီး မရမက အတော်ကို စီးပွားရှာနေတဲ့ အမျိုးသမီးဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောကြားသည်။

နေရာကောင်းများရရှိရန် အတွက် မိမိလှိုင် ကို ပေးရသောငွေကြေးမှာ ၅ သိန်းမှ ၁၀ သိန်းထိပေါက်စျေးရှိနေသည်ဟု စုံစမ်းသိရှိရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်ထံမှ သိရှိရသည်။

ထို့အပြင် မိမိလှိုင်သည် ထောင်တွင်း အရေးပေါ်ဆေးဝါးကုသမူခံယူနေရသည့် နိုင်ငံရေးအကျဥ်းသူများ၊ကာလကြာရှည် ဆေးဝါးကုသမှုခံယူရမည့် ကျန်းမာရေးဆိုးဝါးသူ အကျဥ်းသူများ၏ ထောင်ပြောင်းခြင်းကို အဓိကထားပြီးလုပ်ဆောင်ခဲ့သူဖြစ်ပြီး အကျဉ်းသူများ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရစေခြင်း၊ ပိုက်ဆံမပေးနိုင်လျှင် ကျန်းမာရေးအတွက်‌‌ လျော်ညီသောနေရာများတွင် မနေရခြင်း စသည့်အဖြစ်အပျက်ကို မိမိလှိုင်နှင့် အပေါင်းပါများကလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အင်းစိန်ထောင်အတွင်း တံမြက်စည်းဝယ်ခြင်း၊ဆေးသုတ်ခြင်း စသည့် ကိစ္စများတွင်လည်းအကျဥ်းသူများကို ပိုက်ဆံကောက်ခြင်း၊ အကျဉ်းဦးစီးဌာနက စီစဉ်သော ထောင်အတွင်းအခမ်းအနားများနှင့် ဖျော်ဖြေပွဲများတွင်ရရှိသော အကျဥ်းသားများထံမှအမြတ်အစွန်းများကို ထောင်ပိုင်နှင့်ခွဲဝေယူခြင်းတို့အပြင် မိမိလှိုင်သည် ထောင်တွင်း အမျိုးသမီးအကျဆောင်ဘေးရှိ ရုံးခန်းနားတွင်လည်း ကာရာအိုကေအခန်း ဖွင့်ထားကာ လာရောက် သီဆိုသူများထံမှလည်း တစ်နာရီလျှင် တစ်သောင်းမှ နှစ်သောင်းကြား ငွေကြေးသတ်မှတ်၍ ကိုယ်ကျိုးစီးပွားရေးကို လုပ်ကိုင်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *