မြင်းခြံ၊ အိုင်းမရွာ အုပ်ချုပ်​ရေးမှူး အိမ်ထဲဝင်ပစ်ခတ်ခံ ရ​သော​ကြောင့် သေနတ်ချ၍ ထွက်ပြေး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ခံရပြီး သေနတ်ချ၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ မတ်လ(၂၆)ရက်နေ့ နေ့လယ်(၁)နာရီခန့်က မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မင်းမိုးဆိုသူ အား PDF နှစ်ဖွဲ့ပူးပေါင်း၍ ဝင်ရောက်ပစ်ခတ်ခဲ့သည်။

ထိုအုပ်ချုပ်​ရေးမှူးက ပြန်လည်ခုခံပစ်ခတ်ခဲ့၍ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြောင်း HERO DEFENCE FORCE (မြင်းခြံ)အဖွဲ့က ပြောသည်။

“အိမ်ထဲအထိဝင်ပစ်တာ။ သူ့သေနတ်က ခြံစည်းရိုး နဲ့ ငြိနေလို့ ဖြုတ်ချထားခဲ့ပြီးပြေးတာ။”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

အုပ်ချုပ်​ရေးမှူး ထိခိုက်မှုရှိ၊ မရှိအား စုံစမ်းနေကြောင်း ၎င်းက ပြောသည်။ ၎င်းထံမှ ကာဘိုင်‌သေနက် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ ကာဘိုင်ကျည် ၄၃ တောင့် အားသိမ်းဆည်း ရမိခဲ့သည်ဟုသိရသည်။

“ရွာထဲ ထောက်ခံစာ ရေးရင် တစ်စောင် ၂၀၀၀ ကျပ် တောင်းပါတယ်။ စကစ တွေလည်း မကြာခဏခေါ်တာမျိုး လုပ်လေ့ရှိပါတယ်။”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက စစ်​ကောင်စီ အုပ်ချုပ်​ရေးမှူး အ​ကြောင်းပြောသည်။

ထိုစစ်ဆင်ရေးကို HERO DEFENCE FORCE (မြင်းခြံ) နှင့် ရွှေဂျိူးဖြူ – ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) ညီနောင်မဟာမိတ်နှစ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြင်းခြံမြို့နယ်သည် အာဏာသိမ်းစစ်တပ်အား ခုခံတော်လှန်မှုအားကောင်းသော ဒေသတစ်ခုဖြစ်ပြီး စစ်တပ်ကလည်း စစ်ကြောင်းထိုးအကြမ်းဖက်မှုများ ပြုလုပ်နေသည်။

စစ်မှုမထမ်းမ​နေရ ဥပ​ဒေဖြင့် စစ်​ကောင်စီအတွက် စစ်သားသစ် စု​ဆောင်း​ပေး​သော စစ်​ကောင်စီခန့် အုပ်ချုပ်​ရေးမှူးများ၊ရာအိမ်မှူးများ နိုင်ငံတစ်ဝန်း ရက်ပိုင်းအတွင်း ဆယ်နှင့်ချီ အသတ်ခံ​​နေရသည်။

(သိမ်းဆည်းရမိသော​ လက်နက်နှင့်ကျည်အချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-​ရွှေဂျိုးဖြူ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *