ထားဝယ်တွင် ၇၉ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားအတွက် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနီးကပ်ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

တနင်္သာရီ တိုင်း ၊ ထားဝယ်မြို့နယ် ၊ ဇဟာရွာ လမ်းမကြီး အနီးတွင် လမ်းပိတ်၍ (၇၉) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက အနီးကပ်ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား နှစ် ဦးသေဆုံးသွားကြောင်း ဗထူးတပ်မတော် (BA Htoo Army) ၏ တာဝန်ရှိသူထံက သိရသည်။

ထားဝယ်မြို့နယ် ၊ဇဟာရွာ အခြေစိုက် အမတ (၃၀၂) တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် (၇၉) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားအတွက် ရေး – ထားဝယ်လမ်းမကြီးကို လမ်းပိတ်ပြီး ကင်းပုန်းဝပ်ကာလုံခြုံရေးယူပေးသည်ကို ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“၇၉ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အတွက် မနေ့ကတည်းက ဇဟာရွာ အမတ (၃၀၂) တပ် ရင်းထဲမှာ အင်အားလာ ဖြည့်တင်းထားတယ်။ အင်အား ကတော့ ၅၀ လောက်ရှိတယ်ဗျ။ အဲဒီအထဲကမှ လမ်းပိတ်ပြီး လုံခြံရေးယူနေတဲ့ စစ်ကောင်စီတပ်သား ငါး ဦးကို အနီးကပ်ဝင်ပစ်တာ။ မျက်စိရှေ့ မှာတင် နှစ်ကောင် ကျတယ်”ဟု ဗထူးတပ်မတော် မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှု ဗထူးတပ်မတော် – BA Htoo Army နှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF တို့မှ ပြုလုပ်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။

ဗထူးတပ်မတော် အနေဖြင့် စစ်ရေးအရှိန်မြှင့်ကာ စစ်ကောင်စီတပ်အား အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ပါသဖြင့် ပြည်သူလူထုများအနေဖြင့် စစ်ရေးသတိရှိစွာနှင့်သွားလာနေထိုင်ကြရန် ဗထူးတပ်မတော်က အသိပေးထားသည်။

ထို့ပြင် လက်ရှိအချိန်အထိ စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ နှင့် ပျူစောထီးအဖွဲ့ဝင်များအားလုံး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံကြပါရန် ဗထူးတပ်မတော် (BA Htoo Army) ၏ တာဝန်ရှိသူက ဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *