အကြမ်းဖက် မင်းအောင်လှိုင်က သားနှင့်သမီးကို ရိုးရိုးသားသား လုပ်ကိုင်စားသောက်ချင်သည့်စိတ်ဓာတ်ဖြစ်အောင် လုပ်ပေးထားဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆို

အကြမ်းဖက်မင်းအောင်လှိုင်က ၎င်း၏ သားနှင့်သမီးကို ရိုးရိုးသားသား လုပ်ကိုင်စားသောက်ချင်သည့်စိတ်ဓာတ်ဖြစ်အောင် လုပ်ပေးထားကြောင်း ထုတ်ဖော်ပြောဆိုသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media တွေ့ဆုံစဉ် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါ အင်တာဗျူးကိုလည်း မတ်လ ၂၅ ရက်နေ့ အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် အပြည်အစုံ ဖော်ပြခဲ့သည်။

အကြမ်းဖက်မင်းအောင်လှိုင်က ၎င်းသည် နိုင်ငံ့ဝန်ထမ်း ၊ တပ်မတော်သားဖြစ်သည့်အတွက် သားနှင့်သမီးကို ရိုးရိုးသားသားလုပ်ကိုင်စားသောက်ခြင်း စိတ်ဓာတ်ကို သူက မွေးမြူ ပြုလုပ်ပေးထားသည်ဟု ပြောဆိုသည်။

“မကောင်းတဲ့ဟာတွေ မလုပ်နဲ့၊ ကောင်းတဲ့ဟာတွေ လုပ်ပေါ့။ စိတ်ကို သန့်သန့်ရှင်းရှင်းထားပေါ့။ ဒါတွေ မိသားစုမှာ အမြဲတမ်းရှိအောင် ကျနော့်သားသမီးတွေပေါ့။ ဒါတွေ အမြဲ ဆုံးမပေးတာလည်းရှိပါတယ်။ သူတို့ကတော့ ကျနော်က နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်၊ တပ်မတော်သားဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က နယ်တွေသွားနေရတာတွေ ရှိတာပေါ့။ အပြင်သွားနေရတာတွေရှိတာပေါ့။ မိသားစုနဲ့ အနီးကပ်နေဖို့ဆိုတာအချိန်ကတော့ သိပ်မရှိခဲ့ဘူး။ နောက်တစ်ခုကတော့ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ခြင်းပေါ့။ ဒီစိတ်ဓာတ်ကို ကျနော်က လုပ်ပေးထားတယ်” ဟု အကြမ်းဖက်မင်းအောင်လှိုင်က ဆိုသည်။

သို့ရာတွင် ထိုသို့ မင်းအောင်လှိုင်က ပြောဆိုသော်လည်း လက်တွေ့တွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့က လုပ်ကိုင်ကြပြီး စစ်တပ်နှင့် ဝန်ကြီးဌာန၏ တင်ဒါ အများစုကို အောင်ပြည့်စုံလက်အောက်ခံ ကုမ္ပဏီများကသာ ရရှိထားသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်များ တစ်နိုင်ငံလုံးတွင် ရှုံးနိမ့်နေချိန် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော ကုမ္ပဏီများက တစ်နေ့တည်းတွင် ဝန်ကြီးဌာန တင်ဒါ ၁၃ ခုအောင်မြင်ရရှိသွားသဖြင့် စစ်ကောင်စီတပ်အတွင်းနှင့် စစ်တပ်အသိုင်းအ၀ိုင်းတွင် တိုင်းပြည်စစ်မီးတောက်၍ စစ်သားများ သေဆုံးမှုများပြားချိန် တင်ဒါများ အုပ်စီးခွယူနေသည့် လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ကြသည်။

မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf ၊ Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် နာမည်အမျိုးမျိုးဖြင့် လုပ်ငန်းများစွာ ပိုင်ဆိုင်ပြီး လုပ်ငန်းများ လုပ်ကိုင်နေသည်။

အထူးသဖြင့် မင်္ဂလာဒုံ တပ်မတော်ကုတင် ၁၀၀၀ အထူးကုဆေးရုံကြီး၊ ပြင်ဦးလွင် ကုတင် ၅၀၀ ဆန့် ကင်ဆာကုဆေးရုံ၊ မြ၀တီမီဒီယာစင်တာ၊ ဒလ တော်ပီဒိုစက်ရုံ အပါအဝင် စစ်တပ်နှင့် ဝန်ကြီးဌာန ၏ ဆောက်လုပ်ရေး၊ လမ်းဖောက်လုပ်ရေး စသည့် တင်ဒါများအားလုံးကို မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရရှိထားသည်။

သမီးဖြစ်သူ ခင်သီရိသက်မွန်မှာလည်း ရုပ်ရှင်ထုတ်လုပ်ရေး၊ အနုပညာနှင့်ဖျော်ဖြေရေးလုပ်ငန်းများ၊ လျှပ်စစ်ကား တင်သွင်းမှုလုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ပြီး ဆိုလာလျှပ်စစ်ဓာတ်အားသွင်းစက်များနှင့် ရုံများ တည်ဆောက်ခွင့် တင်ဒါများကိုလည်း ရရှိလုပ်ကိုင်နေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *