တရုတ်-မြန်မာနယ်စပ်၊ လွယ်ဂျယ်မြို့နှင့်နယ်စပ်ဂိတ်ကို KIA က ၀ိုင်းရံပိတ်ဆို့ သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီလက် အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်သားများ တရုတ်ဘက်သို့ ထွက်ပြေး၊ တချို့ ပြေးမရဘဲ ပိတ်မိနေ

KIA က စစ်ဆင်ရေးဖြင့် ပထမဆုံး သိမ်းယူသော မြို့မှာ လွယ်ဂျယ်မြို့ဖြစ်လာ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ တရုတ်-မြန်မာနယ် နယ်စပ်မြို့ဖြစ်သော လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်ကို KIA က ယနေ့နံနက်ပိုင်းတွင် အပြီးသတ် ဝိုင်းရံပိတ်ဆို့ သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့မှစတင်ပြီး လွယ်ဂျယ်မြို့အနီး ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို KIA က စတင်တိုက်ခိုက်ခဲ့ပြီး စခန်းများကို တောက်လျှောက်ဆိုသလို သိမ်းပိုက်ခဲ့ရာမှ ယနေ့ မတ်လ ၂၉ ရက်နေ့တွင် လွယ်ဂျယ်မြို့ကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဗန်းမော် လွယ်ဂျယ်လမ်းတစ်လျှောက်မှာ KIA က သိမ်းယူဖို့ ကျန်တာကတော့ စိန်လုံတောင်စစ်တပ် စခန်းတစ်ခုတည်းသာ ကျန်ရှိတော့တယ်။ လွယ်ဂျယ်မြို့ကိုလည်း အခုက ၀ိုင်းဝန်းပိတ်ဆို့ပြီး သိမ်းလိုက်ပါပြီ။ အခု စစ်သားတွေ တရုတ်ဘက်ကို ပြေးဖို့ လုပ်တာ တချို့တော့ လွတ်သွားပေမယ့် အခု တရုတ်က နယ်စပ်ဂိတ်ကို ပိတ်ချလိုက်တယ်။ KIA ဘက်က လက်နက်ချပြီး အေးအေး ဆေးဆေး အလင်းဝင်ဖို့ အချိန်ပေးထားတယ်။ လွယ်ဂျယ်မြို့ကတော့ အလုံးစုံရပြီလို့ ပြောလို့ရတယ်။ ကျနော်တို့ အကုန်လုံးဝန်းရံပိတ်ဆို့ထားပြီးပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၇ ရက်နေ့မှစတင်ပြီး KIA က စစ်ဆင်ရေးဖြင့် ကချင်ပြည်နယ်တစ်ဝန်းရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်ကောင်စီတပ်စခန်းများစွာ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ဖြစ် ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *