မရမ်းကုန်း၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် စစ်မှုထမ်း ဆင့်ခေါ်စာဖြင့် ကလေးဖခင် ၁ ဦးအပါအဝင် အမျိုးသား ၁၂ ဦးကို နေအိမ်ပေါ်အထိ တက်ဖမ်း

စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူများ၏ ဖုန်းများကို စစ်တပ်က သိမ်းယူပြီး မိသားစုများနှင့်အဆက်သွယ်ဖြတ်ကာ ဘုရင့်နောင်စစ်ကြောရေးတွင် ထိန်းသိမ်းထား

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်မှုထမ်း ဆင့်ခေါ်စာဖြင့် ကလေးအဖေ ၁ ဦး အပါအဝင် လူငယ် ၁၂ ဦးကို နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးပြီး စစ်တပ်လက်ထဲသို့ ထည့်လိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်၌ ကလေးသုံးယောက် ဖခင် ၁ ဦး အပါအ၀င်လူငယ် ၁၂ ဦးကို အုပ်ချုပ်ရေးမှူး၊ ရဲ နှင့် လူမိုက်များက စစ်မှုထမ်းရန် ဆင့်ခေါ်စာဖြင့် နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးကာ ခေါ်ဆောင်သွားကြောင်း သိရသည်။

“သမိုင်းမြို့သစ် ၁ ရပ်ကွက်မှာ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ကလေး ၃ ယောက် အဖေ အပါအ၀င် လူငယ် ၁၂ ယောက်ကို လူမိုက်တွေ၊ အုပ်ကြီး၊ ရဲ တွေက စစ်မှုထမ်းရမယ်ဆိုပြီး အတင်းအကျပ်လာ ဖမ်းခေါ်သွားတယ်။ ဖမ်း ဆီးခံရတဲ့ သူတွေထဲမှာ တင်အောင်၀င်း ဆိုတဲ့ ၁ ဦးပဲ အမည်သိရတာ ကျန်တာ ဘယ်သူတွေလည်း ဆိုတာ မသိရဘူး။ မဲနှိုက်ရတာမဟုတ်ဘဲ ခေါ်စာအိမ်ကို လာပို့တာ အစက ကလေး အဖေတွေ ကင်းလွတ်ခွင့်ရတယ်ဆိုပြီး အခုအကုန်ဖမ်းနေတာ” ဟု ဒေသခံပြည်သူများက ပြောဆိုသည်။

သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအဟောင်းမှာ ထွက်ပြေးသွားကြောင့် ၎င်းနေရာ၌ လှိုင်သာယာမြို့နယ်မှ ပြောင်းလာသည့် အုပ်ချုပ်ရေးမှူး အသစ်က ဆက်လက် တာဝန်ယူထားကြောင်း၊ သမိုင်းမြို့သစ်၌ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးမှူးများက လူငယ်များ စစ်မှုထမ်းရန် ခြိမ်း ခြောက် ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လတ်တလော ရန်ကုန်တိုင်းတွင် စစ်မှုထမ်းရန် မဲပေါက်သူများကို စစ်တပ်က ဆေးစစ်ရန် လာရောက်ခေါ်ဆောင်ပြီး မင်္ဂလာဒုံအရိုးအကြော စစ်ဆေးရုံတွင် ဆေးစစ်ကြောင်း၊ ဆေးစစ်ရန် ကျန်ရှိနေသူများနှင့် ဆေးစစ်ပြီးသူများကို မိသားစုထံသို့ ပြန်မလွှတ်တော့ဘဲ လက်ကိုင်မိုဘိုင်းလ်ဖုန်းများအားလုံးကို စစ်တပ်က အတင်းအဓမ္မသိမ်းယူ လိုက်ကြောင်း၊ ဘုရင့်နောင် စစ်ကြောရေးတွင်ဆေးစစ်ရန် ကျန်ရှိသူနေများကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဆက်လက် ဆေးစစ်မှုများ လုပ်ဆောင်နေကြောင်း၊ မိသားစုများနှင့် လုံး၀ မဆက်သွယ်ရဟုဆိုကာ အဆက် အသွယ်များ ဖြတ်တောက်ထားကြောင်း သိရှိရသည်။

ရန်ကုန်၊ မြောက်ဥက္ကလာပ၊ ဌ ရပ်ကွက်မှ လူငယ် ၁၁ ဦးကို ယနေ့ နံနက်ပိုင်း စစ်တပ်က ဝင်ရောက်ဖမ်းဆီးပြီး စစ်သားသစ်အဖြစ်စုဆောင်း

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဥ ရပ်ကွက်မှ လူငယ် ၁၁ ဦးကို ယနေ့ နံနက်ပိုင်း စစ်တပ်က ဝင်ရောက်ဖမ်းဆီးပြီး စစ်သားသစ်အဖြစ်စုဆောင်းခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများကပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်မှုထမ်းရန် မဲပေါက်သူများကို လာရောက်ခေါ်သည်ဆိုကာ စစ်တပ်က မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက် ၊ ခိုင်ရွှေဝါလမ်း၊ ဒေါနလမ်းများမှ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး လူငယ်များကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊

အဆိုပါ လူငယ်များသည် မဲပေါက်ထားသည့်လူငယ်များမဟုတ်ဘဲ အပတ်စဉ် ၁ စစ်မှုထမ်းရမည့်စာရင်းတွင်လည်း မပါဝင်ကြောင်း၊ အနည်းဆုံး လူငယ် ၁၁ ဦးဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးပြီး တပ်သားသစ်အဖြစ် စုဆောင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဌ ရပ်ကွက်၊ ခိုင်ရွှေ၀ါလမ်း ဒေါနလမ်းတွေမှာ ဒီမနက် ၃ နာရီလောက်မှာ မဲပေါက်တဲ့သူကိုလာခေါ်တာပါဆိုပြီးလမ်းထဲရှိတဲ့ လူငယ်တွေကို တစ်ခါတည်း ဖမ်းဆီးသွားတယ်။

နောက်တစ်ခါ ခိုင်ရွှေ၀ါလမ်းဘက်မှာလည်း ၁၁ ဦးခေါ်သွားတယ်။ရပ်ကွက်အုပ်ချုပ်မှူးတွေပါပါတယ်။ အခုရပ်ကွက်နေပြည်သူတွေ ဘယ်အချိန်၀င်ဖမ်းမလဲစိုးရိမ်နေကြရတယ်” ဒေသပြည်သူတစ်ဦးကရှင်းပြသည်။

ဖမ်ဆီးခံရသည့် လူငယ်များသည် ဖုန်းအသုံးပြုခွင့်မရဘဲ မိသားစုကိုလည်း ဆက်သွယ်ခွင့်မရကြောင်း၊ မည်သည့်နေရာ ရောရှိနေသည်ကို မိသားစုထံ အကြောင်းကြား၍ မရကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီက သတ်မှတ်ထားသော စစ်သား ဦးရေ ပြည့်မီရေးအတွက် ညဘက် နေအိမ်များကို ဝင်ရောက်စီးနင်းပြီး ဧည့်စာရင်း စစ်သည့်ပုံစံဖြင့် လူငယ်များကို ဖမ်းဆီး စုဆောင်းခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *