ရွှေဘို မြင်းချင်းရွာက ပျူခေါင်းဆောင် အပါအဝင် ပျူသုံးယောက် စီးလာတဲ့ကားကို ပစ်ခတ်

သုံးယောက်လုံး သေပြီး သေနတ်တစ်လက် ရဟုဆို၊

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာက စစ်အုပ်စုရဲ့ ပြည်သူ့စစ် အမည်ခံ ပျူအဖွဲ့ ခေါင်းဆောင် ထွန်းနိုင် အပါအဝင် ပျူသုံးယောက် စီးလာတဲ့ ကားကို ဒီမနက်ပိုင်း ပစ်ခတ်ခဲ့ရာ သုံးယောက်လုံး သေပြီး သေနတ်တစ်လက် ရရှိတယ်လို့ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ မတ်(၂၈)ရက် မနက်(၉)နာရီကျော်အချိန် မြင်းချင်းရွာက ပျူခေါင်းဆောင် ထွန်းနိုင်နဲ့ ပျူနှစ်ယောက်တို့ ရွှေဘိုမြို့ဘက် ပျုလစာ လာထုတ်မယ်ဆိုတဲ့ သတင်းရတာကြောင့် ရွှေဘို – ရေဦးလမ်းပေါ်ကနေ စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်အုပ်စုက စစ်ကူလာနေတယ်ဆိုတဲ့ သတင်းအရ ပျူခေါင်းဆောင် ထွန်းနိုင် ကိုင်ဆောင်တဲ့ (AK-47) သေနတ်ကို သိမ်းယူပြီး တော်လှန်ရေး ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ် လို့လည်း ရွှေဘို အားမာန် မြို့ပြပြောက်ကျားအဖွဲ့က ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျား၊ သိခ်အားမာန်၊ မဟူရာ ရွှေဘိုသား၊ HG FIGHTRS (LPDF)၊ ဖျံ အဖွဲ့၊ စွန်ရဲရွှေဘို (LPDF)၊ shwebo Crocodile၊ Young NI၊ ဒေါင်းမင်း အဖွဲ့၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ တန(၂) တပ်ပေါင်းစု၊ တန(၅) တပ်ပေါင်းစု၊ မဟာမိတ် ဖြစ်တဲ့ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ)၊ ဇာမဏီဒေါင်း(ဒပယ) ညီအကိုတွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဖော်ပြပါတယ်။

မြင်းချင်းရွာမှာ စစ်အာဏာသိမ်းစ ကတည်းက စစ်အုပ်စုက ပျူစခန်းဖွင့်ထားပြီး ဒေသခံတွေကို ပျူအဖြစ် လက်သပ်မွေးကာ သေနတ်ထုတ်ပေးထားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *