မင်းတပ်မြိုတွင် စစ်မှုထမ်းစာရင်းကောက်သည့် စစ်ကောင်စီအဖွဲ့ ကို CDF-မင်းတပ်ဖုန်းဆက်သတိပေးရာ ထွက်ပြေး

ချင်းပြည်နယ်မင်းတပ်မြို့တွင် စစ်ကောင်စီအတွက်စစ်မှုထမ်းရန် စစ်ကောင်စီရဲနှင့် ဝန်ထမ်းများက စာရင်းလိုက်လံကောက်ယူနေသည်ကို ချင်းကာကွယ်ရေးတပ်က ဖုန်းဆက် သတိပေးတားမြစ်ခဲ့ရာ အဆိုပါအဖွဲ့ထွက်ပြေးသွားခဲ့သည်။

မင်းတပ်မြို့ စစ်ကောင်စီဝန်ထမ်းအချို့သည် မတ်လ ၂၃ ရက်နေ့က မင်းတပ်မြို့၊ စံပြရပ်ကွက်သို့ ရောက်ရှိလာပြီး စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံနေစဉ် CDF မင်းတပ်က ဖုန်းဆက်တားမြစ်ခဲ့ခြင်းဖြစ်သည်။

“စံပြ ဈေးနား အထိ ရောက်လာတယ်။ ထပ်မလုပ်ဖို့၊မပူးပေါင်းဖို့ လှမ်းပြီးသတိပေးတာ။ စစ်သားမပါဘူး။ ရဲတွေပါတယ်။ တခြားရပ်ကွက်တွေကိုမသွားသေးဘူး။ မြို့လယ် ခေါင်ကနေစပြီးစာရင်းကောက်တာမှာ လှမ်းပြီးသတိပေးလိုက်တော့ ပြန်ပြေးတာ”ဟု CDF မင်းတပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

CDF မင်းတပ်က ထိုကဲ့သို့သတိပေးပြီးနောက် မင်းတပ်မြို့ပေါ်၌ မတ်လ ၂၉ရက်အထိ စာရင်းကောက်ယူခြင်းမရှိတော့ကြောင်း သတင်းရရှိသည်။

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် မြို့ပေါ်ရှိ စစ်တဲ့စခန်းနှင့် ဌာနဆိုင်ရာရုံးအချို့၌သာ တပ်စွဲထားနိုင်ပြီး မြို့ပတ်ဝန်းကျင်နှင့် ကျေးရွာများကို ချင်းကာကွယ်ရေးရဲဘော်များက ထိန်းချုပ်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ သြဂုတ်လတွင် လည်းမင်းတပ်မြို့ပေါ်ရှိ ခရိုင်ပြည်သူ့ဆေးရုံဝန်းထဲမှ လူနာ တင်ကားတစ်စီးကို ချင်းကာကွယ်ရေးရဲဘော်များက ဝင်ရောက်ပြီး မောင်းနှင်ယူလာခဲ့ဖူးသည်။ ယင်းဆေးရုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိသော်လည်း မတားဆီးရဲဘဲ မသိချင်ဟန်ဆောင်ခဲ့ကြောင်း ချင်းကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

ယခုအခါ စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဒေသခံများအား လူသစ်စုဆောင်းမည်ကို ချင်းကာကွယ်ရေးရဲဘော်များက ကြိုတင်တားဆီးနေသည်။ စစ်ကောင်စီအတွက် စစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းသူများ၏ လုံခြုံရေးအား အာမခံမည်မဟုတ်ကြောင်းလည်း ချင်းအမျိုးသားကောင်စီ(မင်းတပ်)က ထုတ်ပြန်သတိ‌ပေးထားသည်။

(ချင်းကာကွယ်ရေးရဲဘော်များ။ ဓါတ်ပုံ- CDF မင်းတပ်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *