ကရင်နီပြည်တွင် မတ်လ၌ စစ်​ကောင်စီတပ်မှ ၇၀ ဦး​သေ

စစ်​ကောင်စီက​လေ​ကြောင်းတိုက်ခိုက်မှု အကြိမ်၁၀၀ ​ကျော်ပြုလုပ်

မတ်လ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်သား ၇၀ ဦးသေဆုံးပြီး လေကြောင်း တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်အသုံးပြုခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု-PKPF က ယနေ့ ထုတ်ပြန်သည်။

ပြည်နယ်တစ်ခုလုံးအတိုင်းအတာအရ တိုက်ပွဲ ၅၆ ကြိမ်ဖြစ် ပွားခဲ့ပြီး ကရင်နီတပ်ပေါင်းစုမှ ရဲဘော် ၂၆ ဦး ကျဆုံးခဲ့သည်ဟု ​ဖော်ပြသည်။

“ရှမ်းတောင် ဘက်မှာရော ကရင်နီတပ်ပေါင်းစု ဘက်က စစ်ကူပေးနေတာရှိတယ်။ပြီးတော့ ဖားဆောင်း နဲ့ ဘောလခဲ ဘက်ဆိုရင်လည်း မတ်လ တစ်လ လုံး နီးပါး တိုက်ပွဲ ဖြစ်နေတာ”ဟု ကရင်နီစစ်ရေးသတင်း ရင်းမြစ်ကပြောသည်။

လက်ရှိတွင် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသောမြို့(၇)မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ် ထားကြောင်းလည်း KNDF က မတ်လ နောက်ဆုံးပတ်က အသိပေးထားသည်။

ထို့အတူ လွိုင်ကော်၊ဒီးမော့ဆို ၊ဖားဆောင်း၊ဖရူဆို၊ဘောလခဲ၊ဖယ်ခုံ၊မယ်စဲ့ နှင့်ရှားတော မြို့များရှိ စစ်ကောင်စီတပ်စခန်း၊စခန်းကုန်း ၆၅ ခုကို သိမ်း ပိုက်ထားသည်ဟု အသိ​ပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း ကရင်နီပြည်နယ် အနှံ့ တိုက်ပွဲပေါင်း ၁,၀၄၁ ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁,၄၀၄ ကြိမ်ရှိခဲ့သည်။

ကရင်နီတပ်မတော် KA ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၁၅ ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီတပ်သား ၃,၂၀၃ ဦးသေဆုံးထားသည်။

သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၄၈၁ ဦး နှင့် စစ်ဘေးရှောင်စဥ်သေဆုံးသူ ၁၅၁ ဦး ရှိပြီး မတရားဖမ်းဆီးခံရသူ ၁၅၂ ဦးရှိကြောင်း PKPF က ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ )ရက်နေ့ကစ၍ ကရင်နီပြည် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းများကို PKPF က လစဥ် ထုတ်ပြန်နေခြင်းဖြစ်သည်။

(ကရင်နီပြည်တိုက်ပွဲတစ်ခုတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *