စကစ​၏ လေယာဉ်ဗုံးကြဲမှုကြောင့် လွယ်ဂျယ်မှ ရှောင်ပြေးလာသော တပ်မိသားစုဝင်နှင့် ကားသမား (၅)ဦး ပွဲချင်းပြီး သေဆုံး။

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံထိစပ်နေသော နယ်စပ်မြို့ဖြစ်သည့် လွယ်ဂျယ်မြို့မှ စစ်ကောင်စီတပ်မိသားစုများ၊ အခြားပြည်သူများနှင့် ကားသမားများကို ဧပြီလ (၁)ရက်နေ့ နံနက် (၁:၃၀)ခန့်တွင် စကစမှ လေယာဉ်ဗုံးကြဲမှု ပြုလုပ်ခဲ့ပြီး (၅)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIAမှ လွယ်ဂျယ်မြို့ရှိ ပြည်သူလူထုကို ခေတ္တခဏ ရှောင်နေရန် အသိပေးပြီးနောက် ပြည်သူများနှင့် ကားသမားများသည် ဘေးကင်းရာသို့ ယမန်နေ့ မတ်လ (၃၁)ရက်နေ့တွင် ရှောင်နေကြသည်။

သို့ရာတွင် ပြည်သူများရှောင်ထွက်စဉ် စစ်ကောင်စီ​၏ တပ်မိသားစုဝင်များလည်း ပါဝင်ခဲ့ကြသည်။ စကစ ဂျက်လေယာဉ်မှ ပြည်သူများ ရှောင်ပြေးသည့်နေရာဘက်သို့ ဗုံးကြဲချစဉ် ပြည်သူများ​၏ နေအိမ် (၁) လုံးအပါအဝင် လွယ်ဂျယ်မှထွက်လာသော ကားကြီးများနှင့် တပ်မိသားစုဝင်အချို့မှာ ဗုံးထိမှန်ခဲ့ကြကြောင်း သိရသည်။

“ဂျန်မိုင်မှာရောက်နေတဲ့အချိန် ညသန်းခေါင်မှာ ဗုံးလာကြဲသွားတာ၊ ကားသမားတွေနဲ့ တပ်မိသားစုဝင်တွေထိသွားတယ်။ အနားမှာရှိတဲ့ ပြည်သူ နေအိမ်တစ်လုံလည်း ပျက်စီးသွားတယ်။”ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက 7 Stars Newsကို ပြောသည်။

လွယ်ဂျယ်မြို့အတွင်းရှိ ပြည်သူများ ခေတ္တရှောင်ထွက်နေပေးရန် KIAမှ အသိပေးကြေငြာထားသောကြောင့် ပြည်သူများနှင့် ကားသမားများလည်း ရှောင်ထွက်နေကြကြောင်း၊ ယခုအချိန်ထိ လွယ်ဂျယ်မြို့မှ ကုန်တင်ကားကြီးများ ဆက်တိုက်ထွက်ခွာနေကြကြောင်း သိရသည်။

မိုးမောက်-လွယ်ဂျယ်လမ်းရှိ ဗျူဟာအရ အရေးပါအချက်အချာကျသော စိန်လုံဗျူဟာစခန်းကြီးကို ယနေ့ ဧပြီ (၁)ရက်နေ့ နံနက်ပိုင်းတွင် KIAနှင့် ပူးပေါင်းတပ်တို့မှ အပြီးသတ် တိုက်ခိုက်ရှင်းလင်းလိုက်ပြီဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *