မန္တလေးမှာ ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်မှု ထပ်မံဖြစ်ပွား

မန္တလေး ၊ ချမ်းမြသာစည်မြို့နယ် ၊ မြရည်နန္ဒာ ရပ်ကွက်မှာ မနေ့ ဧပြီ. ၁ရက် ညနေပိုင်းက အမျိုးသား ၂ ဦးကို ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လုယက်ခံရတဲ့ နေရာဟာ မြရည်နန္ဒာရပ်ကွက် ၊ မနော်ဟရီလမ်း၊ ၁၁၅ D လမ်း ၊ ၅၁ လမ်းနဲ့ ၅၂ လမ်း မှာ ဖြစ်ပွားတာပါ။

ဆိုင်ကယ်စီး အမျိုးသား ၂ဦးကို ဆိုင်ကယ် ၂ စီးနဲ့ လူ ၅ ဦးက လုယက်တာလို့ သိရပါတယ်။

လုယက်ခံရချိန်ဟာ ညနေပိုင်း ၄ နာရီဝန်းကျင်ဖြစ်ပြီး အဲဒီလမ်းမှာ လူအသွားအလာ မပြတ်သေးတဲ့အချိန်လည်းဖြစ်တယ်လို့ ဒေသခံလူငယ်အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

လုယက်ခံရသူတွေရဲ့ နီးစပ်သူတွေဆီ စုံစမ်းမေးမြန်းမှုအရတော့ ဘောလုံးကန်ပြီးအပြန်မှာ ဆိုက်ကယ်နဲ့ နောက်ကနေ လိုက်လာပြီး လုယက်တာလို့ သိရပါတယ်။

လုယက်မှု မြင်ကွင်း CCTV မှတ်တမ်း လည်းလူမှုကွန်ရက်မှာ ထွက်ပေါ်လာတာတွေ့ရပါတယ်။

အဲဒီရုပ်သံဖိုင်ထဲမှာ ဆိုင်ကယ်စီးအမျိုးသား ၂ဦးကို ဟန်ချက်ပျက်ပြီး လဲကျအောင် လူ ၃ ဦးစီးလာတဲ့ ဆိုင်ကယ်က ကပ်လိုက်လာပြီး လှမ်းကန်လိုက်တာတွေ့ရပါတယ်။

ဆိုင်ကယ်မှောက်သွားချိန်မှာ နောက်ထပ် လူ ၂ ဦး ဆိုင်ကယ်နဲ့ ထပ်ရောက်လာပြီး ပလေကပ်ပုဆိုးဝတ် ထားသူ အမျိုးသားက ဆိုင်ကယ်ပေါ်ကနေဆင်းလာပြီး ဓားနဲ့ခုတ်ပါတယ်။

အဲဒီနောက်မှာတော့ လဲကျနေတဲ့ ဆိုက်ကယ်ကို မောင်းယူပြေးသွားတာတွေ့ရပါတယ်။

လုယက်မှုဖြစ်ပွားတဲ့နေရာဟာ အဓိကလမ်းမကြီးမဟုတ်ပေမယ့် လူသွားလူလာမပြတ်တဲ့ ရပ်ကွက်လမ်းဖြစ်ပါတယ်။

မန္တလေးမှာ ဆိုင်ကယ် ၂ စီး ၊ လူ ၅ ဦး ဝန်းကျင်နဲ့အုပ်စုဖွဲ့ပြီး လုယက်မှု ကျုးလွန်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ချမ်းအေးသာစံမြို့နယ် ထဲမှာ နေ့ခင်း ဘက် ကလေးကျောင်းပို့ပြီး ပြန်လာတဲ့အမျိုးသားကို ဆိုင်ကယ် ၂စီးနဲ့လူ ၄ ဦးက ပိတ်ဆို့ကာ ဓားနဲ့ခုတ်သတ်ပြီး ဆိုင်ကယ်လုယက်သွားတဲ့ဖြစ်စဉ်ဖြစ်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *