နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားသို့ အာဏာသိမ်းစစ်ခေါင်းဆောင် လာရောက်မည်

ဧပြီလ(၆)ရက်နေ့တွင် ကျင်းပမည့် နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားသို့ အာဏာသိမ်းစစ်ခေါင်းဆောင် လာရောက်မည်ဖြစ်သည့် အတွက် လမ်းအချို့ ပိတ်ကာ လုံခြုံရေး တင်းကြပ်ထား

တာချီလိတ်မြို့တွင် နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကျင်းပရန် နှင့် အာဏာသိမ်းစစ်ခေါင်းဆောင် လာရောက်မည်ဖြစ်သည့်အတွက် မြို့တွင်း၌ လုံခြုံရေးများချထားပြီး အချို့လမ်းများကို ပိတ်ထားကြောင်း သိရသည်။

တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်၏ ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့ဝင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ နဂါးနှစ်ကောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိသည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့က ပျံလွန်တော်မူသွားသည့်အတွက် ဧပြီလ(၆)ရက်နေ့တွင် နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် စက်မှုဇုန် – မိုင်းဖုန်းသွားလမ်းဘေးတွင် အန္တိမအဂ္ဂိဈာပနပွဲ ပြုလုပ်မည်ဖြစ်ရာ ဧပြီလ၏ အစကတည်းက မြို့တွင်း လုံခြုံရေးချထားခြင်းနှင့်အတူ လမ်းအချို့ ပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးပျံပွဲအတွက် လုံံခြုံရေး တင်းကြပ်ထားတယ်။ ဝမ်ပုံသွားလမ်း ပိတ်ထားလိုက်တယ်။ ကွင်းလမ်းတော့ လုပ်ပေးထားတယ်။ ကာချုပ်လာမှာမို့ လမ်းပိတ်တာ လုံခြုံရေး ချထားတာလို့ ပြောတယ်။ အခုကတည်းက စစ်ကားတွေရော စစ်သားတွေရော အများကြီး နေရာချ ပိတ်ဆို့ထားတာ တွေ့ရတယ်။”ဟု ဒေသခံ တစ်ဦးက ဧပြီလ(၂)ရက်နေ့တွင်ပြောသည်။

နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို မြန်မာနိုင်ငံတွင် ကျင်းပခဲ့ဖူးသည့် အန္တိမအဂ္ဂိဈာပနများစွာထက် အခမ်းနားဆုံးဖြစ်ရန် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ ကုန်ကျခံကာ ပြင်ဆင်ထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင် အပါအဝင် ထိုင်းဘက်မှလည်း တက်ရောက်မည်ဟု သိရသည်။

“အခမ်းအနားကတော့ ကာချုပ်နဲ့ထိုင်းဘက် ဝန်ထမ်းအကြီးပိုင်းတွေလည်း လာမယ်ကြားတယ်။ နောက်တခုက ဘုန်းကြီးပျံပွဲကို ဒေသခံတွေ လွတ်လွတ်လပ်လပ် သွားရောက်ခွင့်ရှိ မရှိတော့မသိဘူး။ ဈာပနကျင်းပမဲ့ နေရာနားက လမ်းတချို့ ပိတ်ထားတော့ သွားလို့ ရမရ ဒေသခံ အချို့က မသိကြဘူး။ အပြင်မှာတော့ ကာချုပ်လာမှာမို့ သွားလာမှုတွေ ကန့်သတ်ထားတယ် ဘာညာဆိုပြီး အသံထွက်နေတာ။”ဟု ၎င်းက ဆက်လက် ပြောပြသည်။

နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားသို့ လာရောက်မည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အသက်အန္တရာယ် ဘေးကင်းရေးအတွက် ကြိုတင်၍ မိုင်းရှာဖွေရေး နှင့် ဖောက်ခွဲမှု မဖြစ်ရေးအတွက် ဂျန်ဘာများကို ကောင်းစွာအသုံးပြုထားရန် လျှို့ဝှက် ညွှန်ကြားထားကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

ပုံအညွှန်း – အန္တိမအဂ္ဂိဈာပနအခမ်းအနားအတွက် ပြင်ဆင်နေမှု အခြေအနေ


Comments

Leave a Reply

Your email address will not be published. Required fields are marked *