ဖားကန့်မြို့ KTVမှာ ပျော်ပါးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို KIA၊ PDFပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့က၊ မရှီကထောင်ရပ်ကွက်မှာရှိတဲ့ Happy KTVမှာ သွားရောက်ပျော်ပါးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒီနေ့မနက် ၆နာရီမှာ KIA၊ PDF ပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

ဖားကန့်မြို့ ၊ မရှီကထောင်ရပ်ကွက်မှာရှိတဲ့ Happy KTVမှာ အဲဒီ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ ညလုံးပေါက် ပျော်ပါးပြီးနောက် ဧပြီ ၃ရက် ဒီမနက် ၆နာရီခွဲမှာ ကားတွေနဲ့ပြန်လည်ထွက်လာတဲ့ အချိန် တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုဟာ မိနစ် ၂၀ခန့်ကြာမြင့်ခဲ့ပြီးတော့ အကြမ်းဖက် စစ်တပ်ရဲ့ ကားတစီးကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့တယ်ဆိုတာနဲ့ ထိခိုက်သေဆုံးရှိခဲ့ပေမယ့်အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

” ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ရှိတဲ့ Happy KTVက နေ ညလုံးပေါက် ပျော်ပါးပြီး ထွက်လာတဲ့ စကစ စစ်ကောင်စီတွေကို ဒီမနက် ၆နာရီခွဲလောက်မှာ သူတို့အထွက်မှာ KIA၊ PDFပူးပေါင်းတပ်ဖွဲ့က စောင့်ပြီးတော့ သူတို့ကားတွေကို ပစ်တယ်။ မိနစ် ၂၀လောက် သေနတ်သံတွေ ဆူညံနေတာပဲ။ ပြီးတော့ လက်နက်ကြီးသံတွေလည်း ကြားတယ်။ ပစ်ခတ်သံ ကြားပြီးတော့ ဆန်းကြွယ်ရွာဘက်ကလည်း လက်နက်ကြီးတွေနဲ့ ထုသံတွေကြားရတယ်။ သူတို့ရဲ့ (စကစ) ကားတစ်စီးသိမ်းမိတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ အတိအကျတော့ မသိသေးဘူး။ ” လို့ ဖားကန့်ဒေသခံ တဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဆန်းကြွယ်ရွာဘက်ကနေ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

” Happy KTVရှေ့ လမ်းမကြီးရှေ့မှာ အပျက်အစီးတွေ အများကြီး ရှိတယ်။ သေနတ် ကျည်ခွံတွေလည်း အများကြီးတွေ့တယ်” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်အတွင်းကလည်း အဆိုပါ Happy KTVမှာ လာပျော်ပါးနေတဲ့အကြမ်းဖက်စစ်ကောင်စီ ဗိုလ်မှူးနဲ့အဖွဲ့တွေကို KIA၊ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်လို့ ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့ ပါသေးတယ်။

ဓါတ်ပုံ – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *