လွယ်ဂျယ်က စစ်ကောင်စီတပ်မိသားစုနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို တရုတ်သူဌေးတွေရဲ့ နေအိမ်တွေနဲ့ ဟိုတယ်တွေမှာ ဝှက်ထားတယ်လို့ သတင်းထွက်ပေါ်

ငွေတွေ ကျောက်စိမ်းတွေ အများကြီးရှိနေလို့ မထွက်သွားကြ

တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့က စစ်ကောင်စီတပ်မိသားစုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို တရုတ်သူဌေးတွေရဲ့ နေအိမ်တွေနဲ့ ဟိုတယ်တွေမှာ ဝှက်ထားကြောင်း သတင်းထွက်ပေါ်နေတယ် ဒေသခံတွေက ပြောပါတယ်။

“နေရာအနှံ့အပြား ပုန်းအောင်းနေကြတယ်လို့ ပြောနေကြတယ်။ လွယ်ဂျယ်ကိုတော့ ပိတ်ဆို့ထားဆဲပဲ။ ငွေတွေ ကျောက်စိမ်းတွေ အများကြီးရှိနေလို့ မထွက်သွားကြတာ”လို့ နယ်စပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

KIA နဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးကလည်း “ရဲစခန်းမှာတော့ မနေ့မနက်(ဧပြီလ ၂ ရက်) ဝင်သွားရှင်းတာ ရဲ ၃ ယောက် ရှိနေတာမှာ ၂ ယောက်က ထွက်ပြေးသွားတယ်လို့ ပြောတယ်။ တစ်ယောက်ကိုတော့ ရှင်းလိုက်တယ်တဲ့”ဆိုပြီး ပြောပါတယ်။

လွယ်ဂျယ်မြို့ကို မတ်လ ၂၉ ရက်နေ့ကစပြီး KIA ပူးပေါင်းအဖွဲ့က ပိတ်ဆို့ထားပြီး စစ်ကောင်စီဘက်က မပစ်ဖို့နဲ့ သူတို့ဘာသာ ထွက်သွားပေးမှာမို့ တောင်းပန်တာကြောင့် တိုက်ပွဲတော့ ဖြစ်ပွားတာမရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်မိသားစုဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ တရုတ်နယ်စပ်ဘက်ကနေ ထွက်သွားဖို့ တရုတ်နယ်စပ်ဂိတ်မှာ သွားရောက်ညှိနှိုင်းပေမယ့် မအောင်မြင်ခဲ့တာကြောင့် နဂိုနေရာတွေမှာ ပြန်နေနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ဘက်ကလည်း KIA နဲ့ ပူးပေါင်းအဖွဲ့ကို မတိုက်ဖို့ ဖိအားပေးနေပေမယ့် KIA နဲ့ ပူးပေါင်းအဖွဲ့ကတော့ စစ်ကောင်စီတပ် မိသားစုဝင်တွေ နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို လွယ်ဂျယ်ကနေ ထွက်ခွာသွားဖို့ အချိန်ပေးထားပြီး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဧပြီလ ၁ ရက် မနက်ပိုင်းကလည်း ဗန်းမော် – လွယ်ဂျယ်လမ်းပေါ်ရှိ သက်တမ်း ၇၀ ခန့်ရှိတဲ့ သမိုင်းဝင် နာမည်ကြီး စိန်လုံ စစ်ကောင်စီ ဗျူဟာတပ်စခန်းကြီးကို KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း KIA အသိုင်းအဝိုင်းဆီက သိရပါတယ်။

မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ထိုးစစ်ဟာ သိသိသာသာ အောင်မြင်မှုရနေပြီး ရက်ပေါင်း ၂၀ ကျော်အတွင်း စစ်ကောင်စီတပ်စခန်း အကြီးအသေး ၆၀ ကျော် သိမ်းပိုက်နိုင်ပြီလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ – KIA


Comments

Leave a Reply

Your email address will not be published. Required fields are marked *