ရန်ကုန်တွင် သင်္ကြန်မဏ္ဍပ် ၂၀ဝ ကျော်ဆောက်လုပ်ဆင်နွှဲမည်ဟု စစ်ကောင်စီ တိုင်းဝန်ကြီးချုပ်ဆို

ဗုံးပေါက်ကွဲမှုများ၊ စစ်ကောင်စီတပ်သားများ၏ အဓမ္မဖမ်းဆီးမှုများ နေ့စဉ်ကဲ့သို့ဖြစ်ပေါ်နေသည့် ရန်ကုန်တွင် စစ်ကောင်စီက သင်္ကြန်ရေကစားမဏ္ဍပ် ၂၀ဝ ကျော်ဆောက်လုပ်ဆင်နွှဲမည်ဟု ရန်ကုန်တိုင်းအစိုးရရုံးသတင်းရင်းမြစ်ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၄ ရက်က ပြုလုပ်သည့် စစ်ကောင်စီရန်ကုန်တိုင်းအစိုးရ၏ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီအစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးစိုးသိန်းက ထိုကဲ့သို့‌ပြောဆို‌ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီနှစ်တော့ ဗဟိုမဏ္ဍပ်ပေါ့။ မြို့တော်ခန်းမမဏ္ဍပ်အပါအဝင်ကို ခရိုင်/မြို့နယ် ဗဟိုမဏ္ဍပ် ၄၃ ခု၊ ‌ရေကစားမဏ္ဍပ် ၁၇၆ ခု ဆောက်လုပ်မယ်လို့ ပြောသွားပါတယ်” ဟု ရန်ကုန်တိုင်းအစိုးရရုံးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါဆောက်လုပ်မှုမှာ အာဏာသိမ်းပြီးနောက် ကျင်းပသည့် သင်္ကြန်လေးကြိမ်မြောက်အတွင်း မဏ္ဍပ်အရေအတွက်အများဆုံးဖြစ်သည်။

ပြည်သူ့ရင်ပြင်တွင် တိုင်းဒေသကြီးရုံး ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၀ ခု၊ လမ်းလျှောက်သင်္ကြန်နှစ်ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ သင်္ကြန်ပွဲတော်ကို စစ်ကောင်စီဆင်နွှဲရန် ပြင်ဆင်နေသော်လည်း ရန်ကုန်လူထုမှာ စိတ်ဝင်စားမှုမရှိပေ။

“ဗုံးတွေလည်း နေ့တိုင်းပေါက်နေတာ။ အာဏာသိမ်းတည်းက လုပ်တဲ့သင်္ကြန်ပွဲ တစ်ခါမှလည်း ကျွန်မတို့အပြင်ထွက်မလည်ဘူး။ နောက်ပြီး စစ်မှုထမ်းရမယ့်ကိစ္စကလည်း ဖြစ်နေတာ။ ဘယ်သူမှစိတ်မဝင်စားကြဘူး” ဟု လှိုင်သာယာမြို့နယ်က ပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် မဟာသင်္ကြန်ကာလတွင်လည်း စစ်ကောင်စီက မြို့နယ်တိုင်းတွင် ရေကစားမဏ္ဍပ်များဆောက်လုပ်ဆင်နွှဲစေသော်လည်း ပြည်သူများမှာ ပါဝင်ခဲ့ခြင်းမရှိကြပေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *