မန္တလေးမြို့စွန်က နေအိမ်တွေကို စစ်အုပ်စုက စတင် ဖျက်ဆီး

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာက နေအိမ်တွေကို ဓာတ်အားလိုင်းနဲ့ မလွတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက ဒီမနက်ပိုင်း စတင်ကာ ဘူဒိုဇာတွနဲ့ ဖြိုချ ဖျက်ဆီးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒီနေ့ ဧပြီ(၅)ရက် မနက်ပိုင်က စလို့ ပုသိမ်ကြီးမြို့နယ် စည်ပင် ဦးဆောင်တဲ့ စစ်အုပ်စုက နန်းဦးလွင် အုပ်စုထဲက နေအိမ်တွေကို ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

“နေပူပူနဲ့ စိတ်တွေ မကောင်းလိုက်တာ။ စစ်ရှောင်လာကြတဲ့ အိမ်တွေ များတော့ ပြန်စရာကလည်း မရှိကြဘူး။ တချို့အိမ်တွေဆို ပစ္စည်းတောင် အယူမခံဘူး။ အကုန် ထိုးဖျက်ပစ်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေစာရံ-အောင်ပင်လယ် (၂၃၀)ကေဗွီ မဟာဓာတ်အားလိုင်းနဲ့ မလွတ်လို့ဆိုပြီး ဓာတ်အားလိုင်းရဲ့ အလယ် ဗဟိုကနေ ဝဲနဲ့ယာ (၇၅)ပေစီ၊ စုစုပေါင်း ပေ(၁၅၀)အတွင်းက နေအိမ် အဆောက်အဦးတွေကို ‌ဧပြီ(၄)ရက် နောက်ဆုံးထားပြီး ကိုယ်တိုင် ရွှေ့ပြောင်းပေးကြဖို့နဲ့ အကယ်၍ ရွှေ့ပြောင်းခြင်း မရှိပါက တည်ဆဲ ဥပဒေနဲ့ အညီ ဖယ်ရှားမယ်လို့ စစ်အုပ်စုက မတ်(၃၀)က စာထုတ်ထားပါတယ်။

စစ်အုပ်စုက ထုတ်တဲ့စာအရ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်အုပ်စု၊ ကန်ကောက်၊ ကုန်းတန်း၊ တဲကုန်းနဲ့ ကျွဲရေကုန်း စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ နေအိမ် ဖျက်ဆီးခံရမှာ ဖြစ်ပါတယ်။

အဲ့ဒီ ထောင်နဲ့ချီတဲ့ နေအိမ်တွေကို ဓာတ်အားလိုင်းနဲ့ မလွတ်လို့ဆိုပြီး ဖျက်ဆီးမယ့်ကိစ္စနဲ့ပတ်သက်လို့ ဧပြီ(၁)ရက်က စစ်အုပ်စုနဲ့ ဒေသခံပြည်သူတွေ ကန်ကောက်(အရှေ့)ရွာမှာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး နေအိမ်တွေ အပြီး ဖျက်သိမ်းရမယ့် ရက်ကို ဧပြီ(၂၀)အထိ ရက်တိုးပေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနေ (ဧပြီ၁) ညနေက အစည်းအဝေး လုပ်ပါတယ်။ နို့စိမ်းရောင် ဝတ်ထားတဲ့ ပခုံးမှာ ကြယ်ပွင့်ရော အခက်ရော ပါတဲ့ သူရော၊ တစ်ပွင့်ပါတဲ့ ရဲရော၊ စစ်သားတွေရော လာကြပါတယ်။ ဧပြီ(၂၀)ရက် နောက်ဆုံးပါတဲ့။ (၅)ရက်နေ့ အဖျက် ပြထားပါတဲ့။ (၅)ရက်နေ့ လာကြည့်လို့ မဖျက်ရသေးရင် စက်နဲ့ထိုးမယ်လို့ ခြိမ်း‌ခြောက်သွားပါတယ်။ ရွာသားတွေက အထက်ကို အသနားခံစာ တင်မယ်လို့ ပြောတော့ တင်ခွင့် ရှိပါတယ်၊ ဒါပေမယ့် စာကျလာတဲ့အထိ မစောင့်နိုင်ပါဘူးတဲ့” လို့ ဒေသခံက ပြောပါတယ်။

ထောင်ချီတဲ့ နေအိမ်တွေကို ဖျက်ဆီးခံရမယ့်အပေါ် ဒေသခံပြည်သူတွေ စုပေါင်း လက်မှတ် ထိုးပြီး ဧပြီ(၃)ရက်က နေပြည်တော်ကို ကန့်ကွက်စာ တင်ဖို့ သွားကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“ကွက်သစ်က ၂၀၁၆ ထဲက ဝယ်ထားတာ၊ ၂၀၁၇ လောက်မှ တာဝါတိုင်က ရောက်လာတာ၊ အဲ့ဒီ အချိန်တုန်းက လယ်ရှင်တွေကို (ဓာတ်တိုင်) တိုင်စိုက်တဲ့နေရာ တစ်နေရာစာကို (၁၀)သိန်းပေးတယ်၊ ဘယ်သူမှ မယူခဲ့ကြဘူး။ တစုံတရာ ဖြစ်ခဲ့ရင် ခင်ဗျားတို့ ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိနဲ့ပဲ စိုက်ခွင့်ပေးခဲ့တာ၊ သူတို့ကလည်း မီတာဘောက်တွေ ပေးမယ်လို့လည်း ပြောတယ်၊ တာဝါတိုင် ကျလာတော့ (ကိုယ်ပိုင်ကျောင်း) ကျောင်းနားမှာ ကျတာကို ကျောင်းဘက်က သိန်း(၅၀၀)ပေးပြီး ရွာဘက်ကို တာဝါတိုင်က ရောက်လာတာ၊ ကျနော်တို့ကျ အများကြီး နစ်နာတယ်၊ တာဝါတိုင်‌ကို ရွှေ့ပေးတာ ဖြစ်ဖြစ်၊အိမ်‌ဝိုင်းတွေ ဖျက်မယ်ဆိုလည်း အစား ပြန်ပေးတာ ဖြစ်ဖြစ် လုပ်ပေးစေချင်တယ်”လို့ ကံကောက်ကျေးရွာနေ ဒေသခံတစ်ဦးကပြောပါတယ်။

ကံကောက်ကျေးရွာမှာ အိမ်ခြေ(၆၀၀)ကျော် ဖျက်ဆီးခံရမယ့် အခြေအနေ ဖြစ်နေပြီး နေပြည်တော်အထိ ကန့်ကွက်စာ တင်ရာမှာ အဲ့ဒီအထဲက အိမ်ခြေ(၄၀၀)ခန့် လက်မှတ် ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်တွေ ဖျက်ဆီးခံရမယ့်အထဲ ကန်ကောက်ရွာက အများဆုံးဖြစ်ပေမယ့် ကုန်းတန်းရွာမှာလည်း အိမ်ခြေ ရာနဲ့ချီ ဖျက်ဆီးခံရနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ဓာတ်အားလိုင်းနဲ့ မလွတ်တဲ့ အိမ်တွေကို လာရောက် ဖျက်ဆီးမှာ ဖြစ်ကြောင်း မတ်(၃၀)ရက်မှာ စာထုတ်ပြီး ချက်ချင်းဆိုသလို မီတာပုံးတွေ လာဖြုတ်သိမ်းတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“မီးကြိုးအောက်က အိမ်တွေကို မနေ့(မတ်၃၀)က မီး မီတာပုံးတွေ လာဖြုတ်သွားပါတယ်။ အိမ်ခြေ (၁၀၀၀)ကျော် ပါတယ်။ မီတာရုံးက ဒု-ဦးစီးနဲ့ လက်နက်ကိုင် လေးဦး အတူလာပြီး မီတာများ ဖြုတ်ပါတယ်။

မီတာရဖို့ ကျေးရွာ မီးလင်းရေး ကော်မတီမှာ သုံးသိန်း သွင်းရပါတယ်။ မီတာရုံးမှာလည်း ထပ်သွင်းရပါတယ်။ မုန့်ဖိုးလည်း ပေးရပါတယ်။ အိမ်ကို မီတာရုံးက ကွင်းဆင်းလာကြည့်ပြီးမှ မီတာ လာချပေးတာပါ။

အဲတုန်းက လာကြည့်ပြီးမှ မီတာလာချ ပေးတဲ့ လျှပ်စစ်ရုံးက လူတွေက ကြိုးအောက်က အိမ်မှန်း သိရက်နဲ့ မီတာချပေးခဲ့တာပါ” လို့ ဒေသခံက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်မှာ မန္တလေးမြို့ပတ်လမ်းဘေး ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ နေအိမ်တွေကိုလည်း လယ်ယာမြေပေါ် တရားမဝင် ဆောက်လုပ် နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်ဆီးဖို့ လုပ်ဆောင်ခဲ့ပြီး ဒေသခံတွေရဲ့ ကန့်ကွက်စာ တင်ပြမှုနဲ့ အောက်ခြေမှာ ငွေကြေး ညှိနှိုင်းမှုတွေကြောင့် ဖျက်ဖို့ လုပ်ဆောင်မှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်အတွင်း မြစ်ငယ်မြို့ အပါအဝင် မန္တလေးမြို့ပေါ်က သောင်းချီတဲ့ နေအိမ်တွေကို စစ်အုပ်စုက အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖျက်ဆီးခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *