မြန်မာ စစ်ကောင်စီ ကို နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ ဂျက်လေယာဥ်ဆီ တင်ပို့ ရောင်းချ တာတွေ မလုပ်ဖို့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံ ကနေ မနေ့က တညီတညွတ်တည်း ဆုံးဖြတ်လိုက် ပါတယ်။
မြန်မာစစ်ကောင်စီဟာ ဂျက်တိုက်လေယာဥ်တွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး သူ့လူထု အပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပြုလုပ် နိုင်ဖွယ် ရှိတယ်လို့ လူ့အခွင့်အရေး ကောင်စီ ယုံကြည်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံ တင်မဟုတ်ဘဲ အီရန်နိုင်ငံ အပေါ် ပိတ်ဆို့မှုတွေ လုပ်ဖို့နဲ့ ဒီ ၂ နိုင်ငံ လုံး အတွက် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တွေကိုလည်း နောက်ထပ် သက်တမ်း တနှစ်တိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို လက်နက် ခဲယမ်းနဲ့ တခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ တရားမဝင် ဝင်ရောက် နေတာတွေ ကိုလည်း ဟန့်တားဖို့ လူ့အခွင့်အရေး ကောင်စီက တိုက်တွန်း ထားပါတယ်။
စစ်ကောင်စီဟာ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေ သူတွေနဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေမှာ အရှုံးနဲ့ ရင်ဆိုင်လာနေ ရတာကြောင့် သူ့ပြည်သူတွေ အပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင် နေကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ် က ပြီးခဲ့တဲ့ လက အစီရင်ခံ တင်ပြထားတာလည်း ဖြစ်ပါတယ်။