သင်္ဃန်းညီနောင်၌ နောက်ဆုံးကျန်နေသည့် ခမရ(၃၅၇) တပ်ရင်းတစ်ခုလုံး အလံဖြူထောင် လက်နက်ချ၊ တပ်မိသားစုဝင်များ အပါအဝင် ၄၀၀ ခန့် ပါဝင်

ခမရ(၂၇၅)ကို အလံဖြူထောင်ခိုင်းမည်ဖြစ်ပြီး လက်မခံပါက တိုက်ခိုက်သိမ်းပိုက်မည်ဟု သတိပေး

ကရင်ပြည်နယ် မြ၀တီမြို့နယ် သင်္ဃန်းညီနောင် ဒေသ၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်ရင်း ခမရ(၃၅၇) တပ်ရင်းတစ်ခုလုံး ယနေ့ အလံဖြူထောင် လက်နက်ချခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မြ၀တီမြို့နှင့် ၁၀မိုင်ကျော် အကွာရှိ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းများကို KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က မတ်လ ၇ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ခမရ(၃၅၅)၊ ခမရ(၃၅၆) တို့ကို သိမ်းပိုက်ခဲ့သည်။ ယမန်နေ့ (ဧပြီ ၅ )တွင် သင်္ဃန်းညီနောင် ဗျူဟာကုန်းစခန်းကို ထပ်မံ သိမ်းပိုက်ခဲ့ရာ ယနေ့(ဧပြီ ၅ ) တွင် ကျန်နေသည့် ခမရ(၃၅၇) တပ်ရင်းက လက်နက်ချခဲ့ခြင်းဖြစ်သည်။

“၃၅၇ တော့ အလံဖြူထောင်ပြီ။ မိသားစု အပါအဝင် ၄၀၀ ဝန်းကျင်ပါတယ် အလံဖြူထောင်ပြီး အလင်းဝင်လာတယ်။ ၂၇၅ ပဲကျန်တယ်။ သူ့လည်း အလံဖြူထောင်ခိုင်းမယ် ညနေကျရင်။ မထောင်ရင် နောက်မနက်ကျရင် သူများဝင်သိမ်းမှာပဲ။ မြ၀တီ အခြေအနေက အခုက သူတို့ စကစ ဘက်က စစ်တပ်အနေနဲ့ ထိန်းလို့မရတဲ့ သဘောပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

တပ်ရင်းအလိုက် လက်နက်ချ အလင်းဝင်ခြင်းဖြစ်၍ လက်နက်ကြီး၊ လက်နက်ငယ်များစွာ ခဲယမ်းကျည်များစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးသည်။

“ပစ္စည်းတွေက အများကြီးပဲ။ တပ်ရင်းတစ်ရင်းလုံးဆိုတော့” ဟု ၎င်းက ပြောပြသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဌာနချုပ်ကလည်း သင်္ဃန်းညီနောင် ရှိ ဗျူဟာစခန်းကို ဧပြီ ၅ ရက်တွင်အပြီးသတ် သိမ်းပိုက်နိုင်​ပြီးလက်နက်ခဲယမ်းများစွာရရှိကြောင်း ယ​နေ့ (ဧပြီ ၆) အတည်ပြုထုတ်ပြန်သည်။

KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ် ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) အား ဧပြီလ(၅)ရက်၊ မနက်(၈) နာရီအချိန်ခန့်မှ စတင်တိုက်ခိုက်ခဲ့ပြီး ညနေ(၁)နာရီအချိန်ခန့်တွင် ဗျူဟာစခန်းအားအပြီးပိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ င် ၁၂၂ လက်နက်ကြီး (၂)လက် ၊ ၁၂၀လက်နက်ကြီး(၂)လက်အပါအဝင် အခြားလက်နက်ကြီးလက်နက်ငယ်များ၊ ခဲယမ်းကျည်ပစ္စည်းများမြောက်များစွာသိမ်းဆည်းရရှိသည်ဟုထုတ်ပြန်ထားသည်။

သို့​သော် ခမရ ၃၅၇ နှင့် ခမရ ၂၇၅ အ​ခြေအ​နေကိုမူ​ဖော်ပြထားခြင်းမရှိ​ပေ ။

လက်ရှိ စစ်ရေးအခြေအနေများအရ မြ၀တီကို မကြာမီ သိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း၊ ကော့ကရိတ်တွင်လည်း ဗျူဟာကုန်းတစ်ခုသာ ကျန်တော့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

​ခမရ(၂၇၅)တပ်ရင်းကိုသိမ်းပိုက်ရရှိပြီးပါက မြ၀တီမြို့နယ်တွင် ရှေ့တန်းတပ်စခန်းအချို့သာ ကျန်တော့မည်ဖြစ်သည်ဟု ပြောပြသည်။ မြဝတီ မြို့ရှိ စစ်​ကောင်စီတပ်သားများနှင့် ရဲများလည်း လက်နက်ချပြီဟုကနဦး သတင်းရရှိပြီး.လူထု​နွေဦးက အတည်ပြုရန် ကြိုးစား​နေပါသည်။

စစ်​မြေပြင်မှ ထပ်မံရရှိ​သောသတင်းအရ မြဝတီမြို့အဝင်ရှိ ခမရ(၂၇၅)တပ်ရင်း စုစုပေါင်း အင်အား ၂၀၀ ကျော်မှာလည်း လက်နက်ချခဲ့ပြီး ကျန် စစ်​ကောင်စီတပ်သားများလက်နက်ချရန်ညှိနှိုင်း​နေကြောင်း ကနဦးသိရသည်။ထို​ကြောင့် လက်ရှိတွင် လက်နက်ချသး ခမရ ၃၅၇ မှ ၄၀၀ ​ကျော်နှင့် ခမရ ၂၇၅ မှ ၂၀၀ ​ကျော်ဖြစ်၍ စုစု​ပေါင်း ၆၀၀ ​ကျော်ဖြစ်​ကြောင်း​ရှေ့တန်းစစ်​ရေးရင်းမြစ်များက​ပြောသည်။ လက်နက်ချသူများတွင် အရညရှိများ၊တပ်ဖွဲ့ဝင်များ ၊စစ်သားမိသားစုဝင်များ ပါဝင်​ကြောင်းလည်းသိရသည်။

“မြဝတီမြို့ကို ရတဲ့သဘောပဲ။ ဘာမှမကျန်တော့ဘူး”ဟု ကရင်စစ်​ရေးရေးသတင်းရင်းမြစ်ကပြောသည်။

အခြားကရင်စစ်​ရေးသတင်းရင်းမြစ်က “နေပြည်တော် တက်သိမ်းဖို့က နောက်ဆုံးအစီအစဉ်ပေါ့။အခုကတော့ တဆင့်ချင်းစီပေါ့” ဟုပြောသည်။

KNU တပ်မဟာ(၅) နယ်မြေ ဖာပွန်တွင်လည်း စစ်ကောင်စီ ဗျူဟာစခန်းနှင့် တပ်ရင်းအချို့သာ ကျန်တော့သည်ဟု ပြောပြသည်။

“လေးခု (ဗျူဟာကုန်းနှင့် တပ်ရင်း ၃ခု)ကျန်ပေမယ့် သူတို့ စစ်ကူမလာနိုင်ဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

( ခမရ ၃၅၇ ၊ သက်န်းညီ​နောင် ဗျူဟာကုန်းမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ ဓါတ်ပုံ-KNLA HQ ၊ Saw Kanyaw Htoo )


Comments

Leave a Reply

Your email address will not be published. Required fields are marked *