မုဒုံ လေဆိပ်သစ် စီမံကိန်းသို့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး လာရောက်စဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကား ၁ စီးထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ မုဒုံ လေဆိပ်သစ် စီမံကိန်းကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ရောက်ရှိနေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNDO တပ်ရင်း ၆ ဒရုန်းအဖွဲ့တာ၀န်ခံကပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၉ မိနစ်ခန့်တွင် မုဒုံ လေဆိပ်သစ် စီမံကိန်းကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦး ရောက်ရှိနေစဉ် KNDO တပ်ရင်း ၆ ဒရုန်းအဖွဲ့နှင့် မုဒုံ ပကဖ တို့က ဒရုန်းဖြင့် ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လေဆိပ်သစ် စီမံကိန်းရှိ Alphard ကားအဖြူ ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“မုဒုံ လေဆိပ်သစ် စီမံကိန်းကို မြထွန်းဦး လာမယ် သိထားရတာ၊ ရတခတိုင်းမှူးအသစ် ဆိုတဲ့ကောင်က ပြောင်းလာပြီးတော့ ရက်ပိုင်းတွင်းမှာပဲ ဓမ္မသရွာကို မီးရှို့ခဲ့တာ။ အဲဒါကြောင့် လက်တုံ့ပြန်တာ လက်စားချေတာ မဟုတ်ပေမယ့် တရားမျှတမှု တစ်ခုရနိုင်ဖို့အတွက် ကျွန်‌တော်တို့နဲ့ မုဒုံပကဖနဲ့ သေချာစီစဉ်ပြီး လုပ်ဆောင်ခဲ့တာပါ။ ထိခိုက်မှုကတော့ Alphard ကားအဖြူ ၁ စီး ပျက်စီးသွားတာတော့ သိရပေမယ့် တခြားထိခိုက်မှုတွေတော့ သေချာမသိရသေးပါဘူး” ဟု KNDO တပ်ရင်း ၆ ဒရုန်းအဖွဲ့ တာ၀န်ခံကပြောဆိုသည်။

အဆိုပါ မုဒုံ လေဆိပ်သစ် စီမံကိန်းကို အကြမ်းဖက် စစ်ကောင်စီ၏ ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီး အောင်ကျော်ထွန်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် အောင်ကြည်သိန်း တို့ လာရောက်ခဲ့ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top