နေပြည်တော်က ဝန်ထမ်းတွေ အရေးပေါ်အထုတ်အပိုးတွေပြင်ထား

နေပြည်တော်က ဝန်ထမ်းတွေဟာ တိုက်ပွဲတွေဖြစ်ပေါ်လာရင် ထွက်ပြေးနိုင်ဖို့ အရေးပေါ်အထုတ်အပိုးတွေပြင်ထားတယ်လို့ အဲဒီဝန်ထမ်းအသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့တွေက စစ်ရေးအရှိန်မြှင့်မယ်ဆိုတဲ့ သတင်းစကားတွေကြားသိပြီး လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေအပေါ်ကို သုံးသပ်ကာ နေပြည်တော်မှာတိုက်ပွဲတွေဖြစ်ပွါးလာရင် ထွက်ပြေးနိုင်ဖို့ အရေးကြီးကိုယ်ပိုင်ပစ္စည်းတွေပါတဲ့ အရေးပေါ်အိတ်တွေကို ပြင်ဆင်ထားတယ်လို့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား(MRTV)က အရာရှိတစ်ဦးက ပြောပါတယ်။

“အခုက လိုင်းပေါ်တွေမှာ စစ်တပ်ဘက်က ကျရှုံးနေတဲ့သတင်းတွေကြောင့်လည်းပါတယ်။ နောက်တစ်ခုက PDF တွေဘက်က သူတို့နဲ့အချိတ်အဆက်ရှိတဲ့ အရာရှိတွေကို သတိပေးတာမျိုးတွေရှိတယ်။ အရင် ရုံးကနေထွက်သွားတဲ့ ဝန်ထမ်းတစ်ယောက်က PDF ဖြစ်နေတာ။ သူက ညွှန်ချုပ်ဆီ ဖုန်းလှမ်းဆက်ပြီးပြောပြတာ။ လာကို လာမှာတဲ့၊ မခုခံပါနဲ့ ခုခံရင် အရေးယူတာမျိုးတွေဖြစ်လိမ့်မယ်လို့ပြောတယ်။ အမတို့က မခုခံပါဘူး။ ခုခံမယ့်သူတွေကတော့ အသစ်ခန့်ထားတဲ့လူတွေပဲဖြစ်လိမ့်မယ်။ အခု နေပြည်တော်က ဝန်ထမ်းတွေကြားမှာလည်း သတင်းအမျိုးမျိုးထွက်ပြီး အကုန်လုံးကကြောက်နေကြတာ”လို့ အဆိုပါအရာရှိကပြောပါတယ်။

ဧပြီလ ၄ရက်နေ့က နေပြည်တော်ရဲ့နေရာ ၂ ခုကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် နေပြည်တော်ကနေထွက်ပြေးနိုင်ဖို့အတွက် တခြားနေရာက အသိမိတ်ဆွေတွေဆီ အကူညီတောင်းတာတွေ၊ တိုက်ပွဲတွေဖြစ်လာရင် ဘယ်လိုရှောင်းတိမ်းရမယ်ဆိုတဲ့ အကြံအဥာဏ်တွေတောင်းတာတွေ လုပ်နေကြတယ်လို့ တပ်ကုန်းမှာနေထိုင်တဲ့ ဝန်ထမ်းတွေဆီက သိရပါတယ်။

“ရုံးတွေမှာဆိုရင်လည်း Jumper တွေတပ်ထားကြတယ်။ ဒရုန်းနဲ့တိုက်ခိုက်ခံရတော့ ဝန်ထမ်းတွေအကုန်လန့်နေကြတယ်။ စကစ က ဝန်ထမ်းတွေကို နေရပ်လည်းမပြန်ခိုင်းဘူး။ သင်္ကြန်မှာလည်း ရုံးတက်ရမှာ။ ရုံးတွေမှာလည်း စကစ က သူလျှိုတွေထည့်ထားတယ်။ ဒရုန်းတိုက်ခိုက်ခံရပြီးတော့ ရှောင်ဖို့ တိမ်းဖို့ ဟိုလူ့မေး ဒီလူ့မေးနဲ့ အကုန် ယောက်ယက်ခတ်နေကြတာ”လို့ သူကဆက်ပြောပါတယ်။

လက်ရှိနေပြည်တော်မှာ စစ်ပွဲတွေဖြစ်လာမယ်ဆိုရင် အာဏာသိမ်းစစ်တပ်က ဝန်ထမ်းတွေကို ရှေ့တန်းတင်ပြီး အသေခံခိုင်းမှာဆိုတဲ့ သတင်းစကားတွေနဲ့ PDF တွေနဲ့ တွေ့မယ်ဆိုရင် အသက်ချမ်းသာရာရမယ်လိမ့်မယ်ဆိုတဲ့သတင်းစကားတွေထွက်ပေါ်နေတယ်လို့ ဝန်ထမ်းတွေကပြောပါတယ်။

အခု နေပြည်တော်မှာ မြို့အဝင်အထွက်ဂိတ်ရဲ့စစ်ဆေးရေးတွေကိုပိုမိုတင်းကြပ်နေပြီး မြို့အတွင်းမှာလည်း ကားတွေနဲ့ ပတ်ပြီး လုံခြုံရေးကင်းလှည့်တာတွေ အများပြားလုပ်နေတယ်လို့ နေပြည်တော်ရှိ ဝန်ထမ်းအသိုင်းအဝိုင်းက သိရှိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *