ပလောက်မြို့ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းရှိ ဗိုလ်မှူးချုပ် ရဲကျော်ကျော်က အသက် ၆၀ ခန့်ရှိ ဒုအရာခံဗိုလ်ကို လက်သီးဖြင့် ထိုးကြိတ်ရိုက်နှက်ပြီး ချုပ်နှောင်ထား

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ်(၁၂) တပ်မတော် တန်းမြှင့် လေ့ကျင့်ရေးကျောင်းရှိ စစ်ကောင်စီလက်အောက်ခံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က ဒုအရာခံဗိုလ်တစ်ဦးကို ရိုက်နှက်ထိုးကြိတ်ကာ ကျောင်းဌာနချုပ် အချုပ်တွင် ချုပ်နှောင်ထားကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။

အမှတ်(၁၂) တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်သည် ယမန်နေ့ ဧပြီ ၆ ရက် နံနက် ၁၀ နာရီခန့်က ဒုအရာခံ ဗိုလ်ဘိုအေးကို ၎င်းခိုင်းစေသည့် အလုပ်အတိုင်း ဆောင်ရွက်မှုမရှိဟုဆိုကာ လက်သီးဖြင့် ထိုးကြိတ် သည့်အပြင် ခြေထောက်ဖြင့် ကန်ကြောက်ကာရိုက်နှက်၍ အချုပ်ချထားခြင်းဖြစ် ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“ဒုရာခံဗိုလ် ဘိုအေးကို ရေတွင်းအသစ်တူးခိုင်းတာ။ ဒုအရာခံဗိုလ် ဘိုအေးက ရေတွင်း တူးစရာ ပစ္စည်းမရှိလို့ တွင်းအဟောင်းကို ဆယ်ယူနေချိန်မှာ ဗိုလ်မှူးချုပ်က ငါခိုင်းတဲ့ အတိုင်း မင်းမလုပ်ဘူးဆိုပြီး ထိုးကြိတ် တောင်ဝှေးနဲ့ရိုက် ခြေထောက်နဲ့ကန် နှိပ်စက်ပြီး အချုပ်ထဲထည့်ထားတာ” ဟု ပလောက်မြို့ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းရှိ တပ်ကြပ်ကြီးတစ်ဦးကပြောသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း နည်းပြနေသူ စစ်ကောင်စီလက်အောက်ခံ ဒုအရာခံဗိုလ် ဘိုအေးသည် အသက် ၆၀ ခန့်ရှိနေပြီဖြစ်ကာ အသက်အရွယ်နှင့်မမျှ ခိုင်းစေခံနေရသူ ဖြစ်ကြောင်း သိရသည်။

ဒုအရာခံဗိုလ် ဘိုအေးသည် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများရှေ့တွင် ထိုကဲ့သို့ နှိပ်စက်ခံရသည်ကို ရှက်၍ သစ်ပင်အားလက်သီးဖြင့်ထိုးခြင်း ခေါင်းဖြင့် ဆောင့်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းကို ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က အချုပ်ချထားခဲ့ ကြောင်း တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်မှုထမ်းသင်တန်း နည်းပြဒုအရာခံဗိုလ် ဘိုအေး အား ယခုလို တရားမဝင်အချုပ်ချထားသည့် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်အား စစ်ကောင်စီတပ်သားများက ကျေနပ်မှုမရှိ၍ တပ်အတွင်း ပြောဆို မှုများရှိကြောင်း သိရသည်။

“ပြည်သူ့စစ်မှုထမ်းသင်တန်း စားရိပ်သာကို ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က ဝင်ရောက်စစ်ဆေးတယ်။ ပြီးတော့ သင်တန်းသားတွေ စားသောက်မယ့် ပဲဟင်းအိုးထဲကို သူကိုင်လာတဲ့ တောင်ဝှေးနဲ့ စိုက်ပြီးမွှေနှောက်သွားတယ်။ လူစားမဲ့အစားအသောက်ထဲ ဒါမျိုးတွေလုပ်၊ တပ်ထဲမှာ လည်း လူတိုင်းကို အနိုင်ကျင့်ဗိုလ်ကျနေတာအမြဲတမ်းပါပဲ” ဟု တပ်မတော်တန်းမြှင့်လေ့ကျင့်ရေး ကျောင်းရှိ တပ်ကြပ်ကြီးက ဆက်လက်ပြောသည်။

ဗိုလ်မှုချုပ်ရဲကျော်ကျော်သည် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ကလည်း ပြည်သူ့ စစ်သင် တန်းကို စစ်ဆေးခဲ့ပြီး တစ်ရက်စာ ချက်ရမည့် ဆန်များ အပြည့်အဝထုတ်ယူခဲ့ သောကြောင့်ဟုဆိုကာ သင်တန်းမှူး ဗိုလ်မှူး ဝင်းကျော်ကျော်နှင့် သင်တန်းအုပ်ချုပ်မှု အရာခံဗိုလ် ဒုအရာခံ ဗိုလ်ခင်မောင်လွင် အသက် ၆၁ နှစ် တို့ ၂ဦးအား တုတ်ဖြင့်ရိုက်နှက်ကာ လက်သီးဖြင့်ထိုးကြိတ်သွားကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ ကျင့်ရေးကျောင်းတွင် လက်ရှိပြည်သူ့စစ်မှုထမ်းသင်တန်းတွင် သင်တန်းသား ၂၄၇ ဦး ကို စစ်သင်တန်းပေးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ-ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်


Comments

Leave a Reply

Your email address will not be published. Required fields are marked *