PSLF/TNLA ရဲ့ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးဌာနက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်…

တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိပြီး အများကြည်ညိုလေးစားတဲ့ သြဇာတိက္ကမ ရှိသူများကို အုပ်ချုပ်ရေးမှူးများ ခန့်မယ်….

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ ပလောင်ပြည်နယ်လွတ်ရေးတပ်ဦး PSLF/TNLA မြို့နယ်အုပ်ချုပ်ရေးဌာနတို့ ဒီနေ့ မနက် ၉ နာရီခွဲကနေ ၁၂ နာရီအထိ နမ့်ခမ်းမြို့ခန်းမမှာ တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

အခမ်းအနားကို မြို့နယ်မှူး ဗိုလ်ကြီး တောင်တန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးဌာနက ဗိုလ်စကိုင်းနဲ့ စည်ပင်သာယာရေးဌာနက တားလိုမ်ဆန်းသစ်တို့က နမ့်ခမ်းမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

TNLA စိုးမိုးနယ်မြေအတွင်း ပြည်သူများရဲ့ ဘဝလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိပြီး အများကြည်ညိုလေးစားတဲ့ သြဇာတိက္ကမ ရှိသူများကို မိမိတို့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးက အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ခန့်အပ်တာဝန်ပေးအပ်မယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် နမ့်ခမ်းမြို့နယ်မှူး ဗိုလ်ကြီး တောင်တန်းက နမ့်ခမ်းမြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးယန္တရားများ၊ မြို့ပြန်လည်ထူထောင်ရေးကိစ္စများနဲ့ မြို့သာယာရေးစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြည့်ကြပ်ပြီး လုပ်ရမယ့်တာဝန်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် TNLA တာဝန်ရှိသူများက ရပ်ကွက်အလိုက် ရေးမြောင်ကိုရှင်းလင်းခြင်း၊ ခြုံပင်များ၊ အမှိုက်များရှင်းလင်းခြင်း၊ ပျက်စီနေသည့်လမ်းများပြန်ပြုပြင်ပေးခြင်းနဲ့ပတ်သက်ပြီး တက်ရောက်လာကြတဲ့ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများသိရှိအောင် ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတွေဆုဲပွဲမှာ အခမ်းအနားကို နမ့်ခမ်းမြို့နယ် မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် PSLF/TNLA တာဝန်ရှိသူများအပါအဝင် စုစုပေါင်း လူဦးရေ (၃၀) ကျော် တက်ရောက်ခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *