စစ်​ကောင်စီတပ်မရှိ​တော့သည့် မြဝတီမြို့ပထမဆုံး​နေ့မြင်ကွင်း

မြန်မာ-ထိုင်းအဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီမြို့ အနီးရှိ စစ်​ကောင်စီတပ်၏ ​နောက်ဆုံးလက်ကျန် ခလရ ၂၇၅ ကို KNLA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး​နောက် စစ်​ကောင်စီတပ်မကျန်​တော့သည့် ပထမဆုံး​နေ့ (ဧပြီ ၁၁ )တွင်မြို့မှာ ပုံမှန်နီးပါးလည်ပတ်နေသည်ကို တွေ့ရသည်။

မြို့အဝင်ရှိ စစ်ကောင်စီ​၏ ခလရ(၂၇၅)တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊KNDO နှင့် PDF ပူးပေါင်းတပ်က ယမန်နေ့ညပိုင်းသိမ်းပိုက်ပြီးနောက် ယ​နေ့နံနက်အ​စောပိုင်းတွင် ရှင်းလင်း​ရေးလုပ်ခဲ့သည်။ ဧပြီ ၁၀ ရက်ည ၈ နာရီ ​နောက်ပိုင်းမှစ၍ မြို့၌ပစ်ခတ်သံများမကြားရတော့ဟု မြို့ခံများက ပြောသည်။

KNLAပူးပေါင်းတပ် သိမ်းပိုက်ခဲ့သော ခလရ(၂၇၅)တပ် နေရာကို ယနေ့(ဧပြီ ၁၁) နံနက် ၁၀နာရီခန့်တွင်စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင်၅၀၀ ဗုံးကြဲချခဲ့သည်။သို့​သော်​တော်လှန်​ရေးတပ်များမှာ ထို​နေရာတွင်မရှိ​တော့၍ ကျဆုံးထိခိုက်​မှုမရှိဟု​ဒေသခံအချို့က​ပြောသည်။

လက်ရှိတွင် မြဝတီမြို့တွင်း၌ ကရင်နယ်ခြားစောင့်တပ် (BGF)ရဲဘော်များက လုံခြုံရေးယူထားသည်ကိုလည်းတွေ့ရသည်။

BGF သည်ယခင်က စစ်​ကောင်စီလက်​အောက်ခံဖြစ်​သော်လည်းယခုနှစ် ဇန်နဝါရီလမှစ၍စစ်တပ်၏လစာနှင့် ​ထောက်ပံ့မှုများမယူ​တော့ဘဲ သီးခြားရပ်တည်​ကြောင်း​ကြေညာခဲ့သည်။

ထို့​နောက် BGF အဖြစ်မှ ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA) အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပြီဖြစ်​ကြောင်း မီဒီယာများသို့​ဖြေကြားထားသည်။

မြို့​ပေါ်ရှိ ယခင်စစ်​ကောင်စီလက်​အောက်ခံအရပ်ဘက် ရုံးများမှာ ပိတ်ထားကသည်ကို​တွေ့ရသည်။

ဓါတ်ပုံ-People’s Spring


Comments

Leave a Reply

Your email address will not be published. Required fields are marked *