လေတပ်အရာရှိ ၅ ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိဟု တိုက်ခိုက်ခဲ့သော တာဝန်ရှိသူပြော
သတင်းထုတ်ပြန်ကြေညာချက်
နေပြည်တော်အေလာလေဆိပ်အား ၁၀၇ ရှော့ဒုံး ၇ လုံးဖြင့်တိုက်ခိုက်ခြင်း
ရက်စွဲ။ ။ ၂၀၂၄ခုနှစ်၊ ဧပြီလ ၁၁ ရက်
၁။ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ရက်၊ မနက် ၄း၄၅ အချိန်တွင် နေပြည်တော်၊ အေလာလေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိ နှင့် အောက်ခြေတပ်သားအချို့thay ပြီး အများအပြား ဒဏ်ရာရ ကြောင်း ကနဦး စုံစမ်းသိရှိရပြီး အတိအကျကို ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်။
၂။ နိုင်ငံ၏ ဗဟိုအချက်အချာ အကျဆုံး နှင့် လုံခြုံရေး အတင်းကြပ်ဆုံး နေပြည်တော်အေလာလေဆိပ် သည် မြန်မာ နိုင်ငံ အနှံ့ အပြားသို့ လေကြောင်းတိုက်ခိုက်ရာတွင် စစ်ကောင်စီ အားထားရဆုံးသော အဆင့်မြင့်လေတပ် စခန်း ဖြစ်ပြီး ကရင်နီဒေသ၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် အဓီက ဗုံးကြဲသည့် တိုက်လေယာဉ် များ နားခိုရာလည်းဖြစ်သည်။
၃။ ယနေ့ ဧပြီလ ၁၁ ရက်နေ့သည် ကျွန်ုပ်တို့ MKCDF အဖွဲ့ ၏ ၂ နှစ်ပြည့် မွေးနေ့ ဖြစ်သလို၊ ကျွန်ုပ်တို့ အဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်နေကြသော နိုင်ငံတဝှမ်းမှ တော်လှန်ရေး ညီအစ်ကိုမောင်နှမများနှင့် တသွေးတည်း ရဲရဲတောက် ပါဝင်တွန်းလှန်နေကြောင်း သက်သေပြသည့်အနေဖြင့် စစ်ကောင်စီ ၏ အားထား ရသောအေလာ လေတပ်ကို ပစ်ခတ်တိုက်ခိုက်ရင်း အားကောင်းလာသော တော်လှန်ရေး အရှိန်အဟုန်ကို ထပ်မံ အားဖြည့်လိုက်ပါသည်။ လေတပ်ဖြိုချရန် ရည်ရွယ်ချက်တူသော BWM အဖွဲ့ နှင့် လည်း ဆက်လက်ပြီး လေတပ် ပြိုသည် အထိ ဆက်လက် ပူးပေါင်းတိုက်ခိုက် မည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွက် အဓိကနေရာတစ်ခုဖြစ်သည့် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်း ၇ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိ ၅ ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၂ ဦးရှိသည်ဟု ကနဦး သိရကြောင်း ယင်းစစ်ဆင်ရေးကို လုပ်ဆောင်သည့် Brave Warriors For Myanmar အဖွဲ့မှတာဝန်ရှိသူကပြောသည်။
“နိုင်ငံတဝှမ်း အရှိန်အဟုန်ကောင်းလာတဲ့ တော်လှန်ရေးကို အဓိက ဖြိုခွင်းနေတဲ့ စစ်ကောင်စီလေတပ်က ကျနော်တို့ရဲ့အဓိကပစ်မှတ်ဖြစ်ပါတယ်၊ လေတပ်ပြိုရင် ကျနော်တို့တော်လှန်ရေးနိုင်ပြီမို့ လေတပ်ကို အဓိက တစိုက်မတ်မတ်တိုက်ခိုက်နေရခြင်းဖြစ်ပါတယ်၊ အခုမစ်ရှင်မှာ နေရာစုံ ဒေါင့်စုံကနေ ပါဝင်အားဖြည့်ပေးခဲ့တဲ့ တော်လှန်ရေးရဲဘော်ရဲဘက်အဖွဲ့အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု၎င်းကပြောသည်။
ဧပြီ ၁၁ ရက် နံနက် ၄ နာရီ ၄၅ တွင် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ်ဆင်ရေးကို Brave Warriors For Myanmar(BWM)အဖွဲ့ ၏စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ ၅ ဦးနှင့် တပ်သား ၁၂ ဦးစုစုပေါင်း ၁၇ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ကနဦးသတင်းသိရကြောင်း BWM မှ တာဝန်ရှိသူကပြောသည်။
ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
“တစ်လလောက် အချိန်ယူ ပြင်ဆင်ပြီး လုပ်လိုက်ရတယ်။နိုင်ငံတဝန်း စစ်ကောင်စီကို အားကုန်တွန်းလှန်နေချိန် MKCDF ကလဲ တော်လှန်ရေး မောင်နှမများနဲ့ အတူ တသားထဲ ကြိုးစားတွန်းလှန်နေ ပါတယ်။သွေးချင်း အားလုံးကိုလဲ အချိန်တန်ပြီမို့ နိုင်ရာတာဝန်ထမ်းပြီး ကျရာနေရာက တွန်းလှန်ကြပါလို့ အလေးအနက်တိုက်တွန်းချင်ပါတယ် ” ဟု MKCDF မှတာဝန်ရှိသူကပြောသည်။
ဧပြီ ၁၀ ရက်ညတွင် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သော်လည်း မိုးရွာနေသောကြောင့် ဧပြီ ၁၁ ရက် နံနက်အစောမှလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
အေလာစစ်ကောင်စီလေတပ်တိုက်ခိုက်ခံရပြီးနောက် ယနေ့ (ဧပြီ ၁၁ ရက်)တစ်မနက်လုံးလေယာဥ်ပျံသန်းခြင်းမလုပ်နိုင်ဘဲ နေ့ခင်း ၁၁ နာရီ ၄၆မိနစ်တွင်မှ စစ်တပ်ရဟတ်ယာဥွတစ်စီး အရှေ့ဘက်သို့ပျံသန်းကြောင်း စစ်ကောင်စီလေကြောင်းပျံသန်းမှုများကို စောင့်ကြည့်မှတ်တမ်းတင်ဖော်ပြပေးနေသော EAR-Enemy Air Route Channel ကဖော်ပြသည်။ ၁၂ နာရီ ၃ မိနစ်တွင်မှ တိုက်လေယာဥ်တစ်စီး အရှေ့တောင်ဘက်သို့ပျံသန်းကြောင်းEAR မှသိရသည်။
ဧပြီ ၁၁ ရက်သည် MKCDF အဖွဲ့၏ ၂ နှစ်ပြည့် နှစ်ပတ်
လည်နေ့ဖြစ်ပြီး စစ်ကောင်စီ၏ အဓိကလေတပ်စခန်းကို တိုက်ခိုက်နိုင်ခဲ့သလို လေတပ်ပြိုသည်အထိ တိုက်ခိုက်မှုများကို ရည်ရွယ်ချက်တူသည့် BWM အဖွဲ့နှင့်ဆက်လက်လုပ်ဆောင်မည်ဟု MKCDF အဖွဲ့ကဆိုသည်။
ထိုအပြင် မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။
(နေပြည်တော်လေတပ်ကိုတိုက်ခိုက်ခဲ့သော ရှော့တိုက်ဒုံးအချို့ကိုတွေရသည်။ဓါတ်ပုံBWM )
Leave a Reply