မြန်မာ-ထိုင်းအဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီမြို့ အနီးရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန် ခလရ ၂၇၅ ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်မကျန်တော့သည့် ပထမဆုံးနေ့ (ဧပြီ ၁၁ )တွင်မြို့မှာ ပုံမှန်နီးပါးလည်ပတ်နေသည်ကို တွေ့ရသည်။
မြို့အဝင်ရှိ စစ်ကောင်စီ၏ ခလရ(၂၇၅)တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊KNDO နှင့် PDF ပူးပေါင်းတပ်က ယမန်နေ့ညပိုင်းသိမ်းပိုက်ပြီးနောက် ယနေ့နံနက်အစောပိုင်းတွင် ရှင်းလင်းရေးလုပ်ခဲ့သည်။ ဧပြီ ၁၀ ရက်ည ၈ နာရီ နောက်ပိုင်းမှစ၍ မြို့၌ပစ်ခတ်သံများမကြားရတော့ဟု မြို့ခံများက ပြောသည်။
KNLAပူးပေါင်းတပ် သိမ်းပိုက်ခဲ့သော ခလရ(၂၇၅)တပ် နေရာကို ယနေ့(ဧပြီ ၁၁) နံနက် ၁၀နာရီခန့်တွင်စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင်၅၀၀ ဗုံးကြဲချခဲ့သည်။သို့သော်တော်လှန်ရေးတပ်များမှာ ထိုနေရာတွင်မရှိတော့၍ ကျဆုံးထိခိုက်မှုမရှိဟုဒေသခံအချို့ကပြောသည်။
လက်ရှိတွင် မြဝတီမြို့တွင်း၌ ကရင်နယ်ခြားစောင့်တပ် (BGF)ရဲဘော်များက လုံခြုံရေးယူထားသည်ကိုလည်းတွေ့ရသည်။
BGF သည်ယခင်က စစ်ကောင်စီလက်အောက်ခံဖြစ်သော်လည်းယခုနှစ် ဇန်နဝါရီလမှစ၍စစ်တပ်၏လစာနှင့် ထောက်ပံ့မှုများမယူတော့ဘဲ သီးခြားရပ်တည်ကြောင်းကြေညာခဲ့သည်။
ထို့နောက် BGF အဖြစ်မှ ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA) အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မီဒီယာများသို့ဖြေကြားထားသည်။
မြို့ပေါ်ရှိ ယခင်စစ်ကောင်စီလက်အောက်ခံအရပ်ဘက် ရုံးများမှာ ပိတ်ထားကသည်ကိုတွေ့ရသည်။
ဓါတ်ပုံ-People’s Spring