နန့်ယားရှိ စစ်ကောင်စီစခန်းကို KIA သိမ်းပိုက် ၊ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၃၀ ကျော်ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်-မြစ်ကြီးနားလမ်းပေါ်ရှိ နန့်ယားကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းကို ယနေ့ ဧပြီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ရရှိခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီက နန့်ယားစခန်း အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ကျော်သည် အလံဖြူထောင်၍ KIA တပ်ဖွဲ့များထံ လက်နက်ချအညံ့ခံလာပြီး ကျန်သည့် တပ်ဖွဲ့၀င်များမှာ စခန်းစွန့်ခွာထွက် ပြေးကြသဖြင့် KIA က လိုက်လံဖမ်းဆီးခဲ့ရာ စစ်သုံ့ပန်း ၃၀ ကျော်ကို ဖမ်းဆီးရမိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

နန့်ယားစခန်းကို ဧပြီ ၉ ရက်နေ့မှစ၍ KIA က ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

“စခန်းထဲက စစ်ကောင်စီတပ်သား ၅၀ ကျော်လောက်က အလံဖြူထောင်ပြီး ထွက် လာတယ်။ ကျန်တဲ့လူတွေက ထွက်ပြေးကြတယ်။ လေကြောင်းကလည်းတောက် လျှောက် ပစ်ကူပေးနေတဲ့ကြားထဲက စခန်းသိမ်းနိုင်သွားတာပါ” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ နန့်ယားစခန်းတွင် တပ်မ (၃၃) လက်အောက်ခံ ခမရ-၁၂၀ နှင့် ရှမ်းနီပူးပေါင်းတပ် (SNA) တို့ တပ်စွဲထားခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၃၀ ကျော်တွင် စစ်ကောင်စီတပ်သား ၂၅ ဦးနှင့် ရှမ်းနီပြည်သူ့စစ် ငါး ဦးတို့ပါ၀င်ကြောင်း သိရသည်။

KIA က သိမ်းပိုက်ခဲ့သော နန့်ယားစခန်းသည် မြစ်ကြီးနား-ဖားကန့်လမ်းပေါ်တွင်ရှိပြီး ဖားကန့်လမ်းပေါ်ရှိ ခရီးသွားများ၊ ကားသမားများကို ခြိမ်းခြောက်ငွေညှစ်နေသည့် တပ်စခန်းတစ်ခု ဖြစ်ကြောင်းသစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့ကလည်း ဆယ်ဇင်းရဲစခန်းကို KIA တပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချ အညံ့ခဲ့ ကြောင်း သိရသည်။

ပုံစာ- KIA သိမ်းပိုက်ခဲ့သည့် နန့်ယားစခန်းအား တွေ့ရစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *