နေပြည်တော် အေလာလေတပ် ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ခံရ

နေပြည်တော်ကောင်စီနယ်မြေရှိ အေလာလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ယနေ့ (ဧပြီ ၁၁ ရက်နေ့)က ပစ်ခတ်တိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မြေအောက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

လေတပ်၏ တိုက်လေယာဉ်များထားရာ အဆောက်အဦများကို ပစ်မှတ်ထားကာ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ၁၀၇ မမ ရှော့တိုက်ဒုန်း ခုနှစ်လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

“၂ မိုင်နဲ့ ၅ မိုင်ကြားကပါ။ ပြင်းအားကတော့ အများသိပြီးဖြစ်မှာပါ။ ပစ်တဲ့ ခုနှစ်လုံးစလုံးအောင်ပါတယ်” ဟု မြန်မာအတွက် ရဲရင့်သောသူရဲကောင်းများဟုအဓိပ္ပါယ်ရသော အမည်မဖော်သော BWM တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

အေလာလေတပ်တွင် ဆင်ဖြူတော်လေယာဉ်ဟုလည်းခေါ်သည့် သမ္မတအတွက် အထူးလေယာဉ် ATR-72 နှင့် SU-30 အမျိုးအစား ရုရှားလုပ်တိုက်လေယာဉ်များပင် ထားရှိသည်။

ပြောက်ကျားအဖွဲ့အဆိုရ ၎င်းတို့ပစ်မှတ်များတွင် တိုက်လေယာဉ်များထားရှိရာ အဆောက်အဦခြောက်ခုနှင့် တည်ဆောက်ဆဲအဆောက်အဦတခုတို့ဖြစ်သည်ဟုဆိုသည်။

အေလာမြို့ရှိ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အေလာလေတပ်မှာ ကပ်လျက်တည်ရှိပြီး လေယာဉ်ပြေးလမ်းများကို မျှဝေသုံးစွဲနေခြင်းဖြစ်သည်။

ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ BWM တာဝန်ရှိသူက ” လေတပ်အရာရှိ ငါးဦး၊ ရိုးရိုးတပ်ဖွဲ့ဝင် ၁၂ ဦးသေတယ်၊ နောက် ၁၂ ဦးဒဏ်ရာရတယ်၊ ဖိုက်တာလေယဥ်တစင်းထိခိုက်တယ်၊ စစ်ကားသုံးစီးထိခိုက်တယ်၊ ပရိဘောဂပစ္စည်းအများအပြားပျက်စီးတယ်၊ အဓိကပစ္စည်းကြီး နှစ်ခု ပျက်စီးသွားတယ်လို့ အတွင်းသတင်းအရ စုံစမ်းသိရှိရပါတယ်” ဟု ပြောသည်။

နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPT-PDF) တာဝန်ရှိသူတဦးက “ထိရောက်မှု လေတပ်ဝန်းထဲနှစ်လုံးကျတယ်လို့ပဲသိရသေးတယ်” ဟု ပြောသည်။

လေတပ်နှင့်နီးစပ်သည့် အရပ်ဘက်ဝန်ထမ်းတဦးကတော့ ” ညက(ဧပြီ ၁၁ ရက် နံနက်) ၄ နာရီလောက် အေလာကို ရှော့တိုက်ဒုန်းနဲ့လာပစ်သွားသေးတယ်။ ရှော့တိုက်ဒုန်းက လယ်ကွင်းတွေထဲကျတယ်ပြောတယ်။ လေးလုံးကျတယ်ပြောတယ်။ သုံးလုံးကတော့ မကွဲဘူးပြောတယ်” ဟု ပြောသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ Viber သို့ ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် မဇ္ဈိမမှ ဆက်သွယ်၍ အေလာလေတပ်တိုက်ခိုက်ခံရမှုကို မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

ယခုတခေါက်ပြုလုပ်သည့် အေလာလေတပ်တိုက်ခိုက်မှု မစ်ရှင်သည် စတုတ္တအကြိမ်မြောက်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းလည်း BWM ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဧပြီလ ၄ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ကွပ်ကဲစီစဉ်သည့် ကာမီကာဇေဒရုန်းများဖြင့် နေပြည်တော်သို့ ဦးတည်တိုက်ခိုက်မှုအတွင်းတွင်လည်း အေလာလေတပ်ကိုဦးတည်တိုက်ခိုက်မှုပါဝင်ခဲ့သည်။

ထို့ပြင် ကျားသံလုံးစစ်ကြောင်းမှလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက အေလာလေတပ်သို့ ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့မှုဖြစ်ခဲ့သည်။

ဓါတ်ပုံ- Brave Warriors for Myanmar (BWM) မြေအောက်ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သော အေလာလေတပ်ပစ်မှတ်များပြ မြေပုံများနှင့် ရှော့တိုက်ဒုန်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *