မန္တလေး အိမ်ရှေ့မင်း ထန်းတောဘက်မှာ သုံးဘီးမောင်းသူတစ်ဦး သတ်ဖြတ်ခံရပြီး သုံးဘီး လုယက်ခံရ

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အင်္ကျယ်ရွာနဲ့ မင်းကန်ရွာအကြား အိမ်ရှေ့မင်းထန်းတောအနီးမှာ သုံးဘီး မောင်းသူ အမျိုးသားတစ်ဦး မနေ့က သတ်ဖြတ်ခံရကာ သုံးဘီး လုယက်ခံရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မနေ့က ဧပြီ(၁၀)ရက်မှာ မန္တလေးမြို့နေ အသက်(၃၀)ကျော်အရွယ် သုံးဘီးဆရာတစ်ဦး သုံးဘီးအငှားထွက်ရင်းနဲ့ နေ့ခင်း ထမင်းစား ပြန်မလာလို့ မိသားစုက လိုက်လံစုံစမ်းရာက ရင်ခွဲရုံမှာ အလောင်း ရောက်နေကြောင်း သိရတာလို့ ဆိုပါတယ်။

“ဧပြီ(၁၀)ရက် ညပိုင်းက မန္တလေး – မတ္တရာ ကားလမ်း၊ ကြာနီကန် အရှေ့ဘက် အင်္ကျယ်ရွာနဲ့ မင်းကန်ကြား အိမ်ရှေ့မင်း ထန်းတောအနီးမှာ မီနီအိုးဝေသမားကို လည်ပင်းလှီးပြီး ယာဥ်အမှတ် 16U/—-၊ ယာဥ်အမျိုးအစား TVS မီနီအိုးဝေ လုယက်ခံရပါတယ်။

မီနီအိုးဝေလည်း ပြန်မရသေးပါဘူး။ မီနီအိုးဝေသမားလည်း ဧပြီ(၁၀)ရက်၊ ည(၉)နာရီလောက်မှာ မန္တလေးဆေးရုံကြီး ရင်ခွဲရုံ ရောက်နေတယ်ဆိုတာ မိသားစု ရှာရင်း သိရတာပါ။ ဧပြီ(၁၁)ရက်မှာ မိသားစုမှ ရင်ခွဲရုံက နေထုတ်ပြီး ရုပ်ကလာပ်ကို မီးသဂြိုလ်မှာပါ။

နေ့လည်အိမ်မှာ ထမင်း ပြန်မစားလို့ အသတ်ခံရသူ အမျိုးသမီးက ဖုန်းဆက်တဲ့အချိန် ဖုန်းချပစ်ပါတယ်။ ညနေရောက်တော့ ဖုန်းက လုံးဝ ခေါ်မရတော့ပါဘူး။ စက်ပိတ်သွားပါတယ်။

မိသားစုဝင်တွေက ဖုန်းအား ကုန်တယ်ထင်ပြီး ညနေအထိ အဆက်အသွယ် မရတော့ ရှာကြပါတော့တယ်။ ညပိုင်းအထိ သတင်းတွေ့မှ ရင်ခွဲရုံမှာ ရောက်နေတယ်ဆိုတာ သိခဲ့ကြရတာပါ။

ရက်ရက်စက်စက်သတ်ပြီး အိုးဝေလုယက်ခံရတာပါ။ အသတ်ခံရသူမှာ သားလေးတစ်ယောက် ကျန်ခဲ့ပါတယ်” လို့ နီးစပ်သူတစ်ဦးက ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်တာ မရှိသလောက် နည်းပါးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း မန္တလေးကနေ ရဲရွာဘက် ကားအငှားလိုက်တဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရကာ ကား လုယက်ခံခဲ့ရသလို မန္တလေးမြို့ပေါ်၊ ချမ်းအေးသာစံမြို့နယ်၊ (၅၈)လမ်းမှာလည်း ကလေးကျောင်းကြိုသွားတဲ့ အမျိုးသား တစ်ဦး သတ်ဖြတ်ခံရကာ ဆိုင်ကယ်လုယက် ခံခဲ့ရပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လူဆိုး၊ သူခိုးတွေ အလွန်သောင်းကျန်းနေပြီး နေ့ရောညပါ စိုးရိမ် ထိတ်လန့်စွာ သွားလာ နေကြရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

“ည ‌မမှောင်ခင် အလုပ်သိမ်း စောစောပြန်ကြရတာပဲ၊ ဓားထောက်ပြီး ဖုန်းနဲ့ ပိုက်ဆံ လုတာတွေလည်း နေ့ခင်း ဘက်တွေမှာပါ ကြုံနေရတော့ အန္တရာယ်ကို မနည်း ကြည့်ရှောင်နေရတယ်” လို့ မန္တလေးက သုံးဘီးမောင်းသူ တစ်ဦးကပြောပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဓားပြ၊ မုဒိန်း စတဲ့ ရာဇဝတ် အကျဉ်းသားတွေ အားလုံးကို ထောင်က ပြန်လွှတ်ပေးထားပါတယ်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မင်းကန်ရွာအနီး၊ အိမ်ရှေ့မင်းထန်းတောအနီးမှာ ဧပြီ(၁၀)ရက်က သတ်ဖြတ်ခံရတဲ့ သုံးဘီး မောင်းသူနဲ့ လုယက်ခံရတဲ့ သုံးဘီး/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *