မန္တလေးက မြို့နယ်တရားသူကြီးရဲ့ ရွှေပန်းတိမ်ကို နယ်ထိန်းရဲက ဦးဆောင်ပြီး ဓားပြတိုက်မှု

ပုသိမ်ကြီးမြို့နယ် ရဲမှူး အပါအဝင် ရဲစခန်းက ရဲတွေ အားလုံးကို စစ်အုပ်စုက ဖမ်းဆီး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၂၂)လမ်းနဲ့ (၈၉)လမ်းထောင့်က၊ မြို့နယ် တရားသူကြီးတစ်ဦး ပိုင်ဆိုင်တဲ့ ရွှေပန်းတိမ်ဆိုင်ကို ရဲယူနီးဖောင်းဝတ်ပြီး ဓားပြတိုက်သူတွေဟာ စစ်အုပ်စု လက်အောက်ခံ ပုသိမ်ကြီးမြို့နယ် ရဲစခန်းက နယ်ထိန်း မြတ်သူအောင် ဦးဆောင်တဲ့ အဖွဲ့ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

မတ်(၂၈)ရက် ညနေပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၂၂)လမ်းနှင့် (၈၉)လမ်းထောင့်က၊ မြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းမာ ပိုင်ဆိုင်တဲ့ “လင်းလက်ဝါ” ရွှေပန်းတိမ်ဆိုင်ကို ရဲယူနီဖောင်း ဝတ်ဆင်ထားသူ အပါအဝင် ကားနဲ့ လာတဲ့ လူလေးဉီးက ဆိုင်ထဲ ဝင်ရောက်ပြီး ဧည့်စာရင်းစစ်မယ်လို့ ပြောဆိုကာ ရွှေထည်ပစ္စည်း နှစ်ပိဿာကျော်၊ ကာလတန်ဘိုး ကျပ်သိန်း(၁၀,၀၀၀)ကျော် ဓားပြတိုက်တာလို့ စစ်အုပ်စုက ဆိုပါတယ်။

အဲ့ဒီ မြို့နယ်တရားသူကြီးရဲ့ ရွှေပန်းတိမ် ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုက ကျုးလွန်သူတွေကို ဓားပြမှု ဖြစ်ပြီး (၁၀)ရက်အကြာ ဧပြီ(၇)ရက်မှာ အမိဖမ်းပေးခဲ့ရာမှာ ပုသိမ်ကြီးရဲစခန်းက နယ်ထိန်းရဲ့ ဦးဆောင် ကျူးလွန်ခဲ့တာလို့ ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။

မြို့နယ်တရားသူကြီးရဲ့ ရွှေပန်းတိမ် ဓားပြတိုက်သူတွေကို ဖမ်းမိကြောင်း စစ်အုပ်စုက ဓာတ်ပုံတချို့ ထုတ်ပြန်ရာမှာ ကျူူလွန်သူတွေထဲ ပုသိမ်ကြီးမြို့မရဲစခန်းက နယ်ထိန်း မြတ်သူအောင် နဲ့ စ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီး အဖွဲ့ဝင်တွေ ပါဝင်မေကြောင်း ဒေသခံပြည်သူတွေက သိရှိခဲ့တာ ဖြစ်ပါတယ်။

“(စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်ပါ) ဓားပြမူထဲက မြတ်သူအောင် ဆိုတာက ပုသိမ်းကြီး ရဲစခန်းက နယ်ထိန်း မြတ်သူအောင်ပါ။ နွယ်နီ၊ ကျွဲရေကုန်း (ရွာ)ဘက် ကျတာ။ ဒီဘက်က စားသောက်ဆိုင်၊ သောက်ကိုင် ဆိုင်တွေက လိုင်းကြေး ကောက်စားနေတာ။ ရဲဗျ၊ အရပ်သားမဟုတ်ဘူး” လို့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။

ပုသိမ်ကြီးမြို့နယ် ရဲစခန်းက နယ်ထိန်း မြတ်သူအောင် ဟာ ပျူတွေနဲ့ ပူးပေါင်းပြီး မြို့နယ်တရားသူကြီးရဲ့ ရွှေပန်းတိမ် ဓားပြတိုက်မှု အပါအဝင် တခြားသော ရာဇဝတ်မှုတွေကိုလည်း ကျူးလွန်နေတာလို့ ဒေသခံ မြေပြင်ကင်းထောက် Patheingyi Reporter က ဆိုပါတယ်။

“ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းပျူ ‌ ခေါင်းဆောင် မောင်ထူး၊ ဆင်ရွာတော ပျူခေါင်းဆောင် ရှည်ကြီး၊ နယ်ထိန်းရဲ မြတ်သူအောင် အဖွဲ့တို့ သုံးဖွဲ့ ပေါင်းပြီး မဲကင်းကုန်း၊ ကျွဲရေကုန်း၊ နယ်နီရွာ ပတ်ဝန်းကျင် တဝိုက်တွင် ဒုတ်တွေ၊ ဓားတွေဖြင့် ရိုက်ပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံ လုယက်မှုများ ပြုလုပ်နေကြောင်း သတင်း ရရှိထားပါသည်။ လုယက်ခံရသော လူငယ်များကို စစ်ကျောရေးသို့ ပို့ပြီး လူလတ်ပိုင်းများကို (ဒီသတင်းပြန့်ရင် အိမ်ထိ လာသတ်မည်ဟု) ခြိမ်းခြောက် ပြောဆိုပြီးမှ ပြန်လွှတ်ကြောင်း သိရပါသည်။ ဓားဖြင့် အခုတ်ခံရပြီး လုခံရတဲ့ ပြည်သူတွေလည်း မနည်းတော့ဟု သတင်းရရှိထားပါသည်” လို့ Patheingyi Reporter က ဧပြီ(၆)ရက်မှာ ဖော်ပြပါတယ်။

ဒီနေ့ ဧပြီ(၁၁)ရက်မှာတော့ ပုသိမ်ကြီးမြို့နယ် မြို့မရဲစခန်း အတွင်းရှိ မြို့နယ်မှူး၊ စခန်းမှူး အပါအဝင် စစ်အုပ်စု လက်အောက်ခံ ရဲတွေ အားလုံးကို စစ်အုပ်စုက တစ်ယောက်မကျန် လာဖမ်းသွားတယ်လို့ ဆိုပါတယ်။

“ယနေ့ နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ် မြို့မ ရဲစခန်းအတွင်းရှိ မြိုနယ်မှူး၊ စခန်းမှူး အပါအဝင် အောက်ခြေ ရခများကို အခြား ရဲစခန်းမှ စခ၊ရခ အင်အား အများအပြားဖြင့် တစ်ယောက်မကျန် အကုန် လာဖမ်းသွားပါသည်။ အကြောင်းရင်းမှာ ယခင်ရက် လင်းလက်ဝါ ရွှေပန်းထိမ် ဓားမြတိုက်မှုတွင် ပါဝင်သော မြတ်သူ‌အောင် ဆိုသူမှာ ပုသိမ်ကြီး မြို့မရဲစခန်းမှ နယ်ထိန်းဖြစ်ကာ ၎င်းသည် ပုသိမ်ကြီး မြို့ပေါ်ရှိ မြေကွက်များ၊ ဂရံစာချူပ် များစွာ ဝယ်ထားကာ ဆိုင်ကယ်လုသည့် နေရာတွင်လည်း ဦးဆောင်သူ ဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ပုသိမ်ကြီး စခန်းမှုးအား ယခင်နေ့ကပင် အုပ်ချူပ်မှု ညံ့သည်ဟု ဆိုကာ အထက်မှ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း အတွင်း သတင်း သိရပါသည်” လို့ Patheingyi Reporter က ဖော်ပြပါတယ်။

ဒီမနက်ပိုင်း ပုသိမ်ကြီး မြို့မရဲစခန်းက ရှိသမျှရဲ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားသူကြီရဲ့ ရွှေပန်တိမ် ဓားပြမှုမှာ ပါဝင်တဲ့ နယ်ထိန်းရဲနဲ့ ဆက်စပ်တယ်လို့ ကြားရကြောင်း ဒေသခံတွေကလည်းပြောပါတယ်။

“ဓားမြမှုနဲ့ ပတ်သက်တယ်လို့ ကြားတာ။ အတိအကျတော့ မသိရသေးဘူး။ ဓားမြတိုက်မှုမှာ ပါတဲ့ မြတ်သူအောင် ဆိုတာ ပုသိမ်ကြီးစခန်းက နယ်ထိန်းပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရဲယူနီဖောင်းဝတ်ပြီး မြို့နယ်တရားသူကြီးရဲ့ ရွှေပန်းတိမ်ကို ဧည့်စာရင်း စစ်မယ်လို့ ဆိုကာ ရွှေနှစ်ပိဿာကျော် ဓားပြတိုက် သူတွေဟာ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက်နေ မြတ်သူအောင်(၂၄)နှစ်၊ ပုသိမ်ကြီးမြိုနယ်၊ နတ်စိမ်းကျေးရွာနေ စိုးမိုးဦး(၂၄)နှစ်၊ တစ်ရွာတည်းနေ ညီထူးအောင်(ခ)ညီညီ(၂၃)နှစ်၊ ပုသိမ်ကြီးမြိုနယ်၊ ကံကွဲကျေးရွာနေ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့(၂၅)နှစ်၊ “လင်းလက်ဝါ” ရွှေပန်းတိမ်ဆိုင်ကို လုယက်၊ ဓါးပြတိုက်ဖို့ သတင်းပေးခဲ့သူ အောင်မြေသာစံမြို့နယ်၊ ဌာနေအရှေ့ရပ်ကွက်၊ အကွက်(၂၁)၊ ဘုရားငါးဆူဝန်းနေ ကိုကိုနိုင်(ခ)ကိုနိုင်(၄၂)နှစ်၊ လုယက်၊ ဓါးပြတိုက်ရာက ရရှိလာတဲ့ ရွှေထည်ပစ္စည်းတွေကို ကော်ခွာ၊ ရွှေအရည်ကျိုရာမှာ ကူညီလုပ်ကိုင်ပေးသူ ပုသိမ်ကြီးမြိုနယ်၊ နတ်စိမ်းကျေးရွာနေ မင်းမင်းစိုး(ခ)တုတ်ကြီး(၂၃)နှစ်နဲ့ လုယက်၊ ဓားပြတိုက်ရာမှာ အသုံးပြုဖို့ လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ သေနတ်ဝယ်ယူပေးသူ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ထက်လှိင်(ခ)ကိုလှိင်ကြီး တို့ ဖြစ်တယ်လို့ စစ်အုပ်စုက ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။

မြတ်သူအောင် အပါအဝင် မြို့နယ် တရားသူကြီးရဲ့ ရွှေပန်းတိမ် ဓားပြမှုနဲ့ ဖမ်းဆီးထားတဲ့ ခုနှစ်ဦးကို စစ်အုပ်စုက အရပ်သားအဖြစ်သာ သတင်းထုတ်ပြန်ထားပြီး ဓားပြတိုက် လုယက်သွားတဲ့ သက်သေခံရွှေထည် ပစ္စည်းနဲ့ ပြစ်မှု ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ Mark II 99 အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ ပစ္စတို သေနတ်တစ်လက် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်တာ မရှိသလောက် နည်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ စစ်အုပ်စု ကိုယ်တိုင်က လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်နေသလို ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြမှု၊ လုယက်မှုတွေမှာ စစ်အုပ်စု ဝန်ထမ်းတွေ ပါဝင်ကျူးလွန်နေတယ်လို့ ယူဆရကြောင်း မြို့ခံတွေက ဆိုပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၂၂)လမ်းနှင့် (၈၉)လမ်းထောင့်က၊ မြို့နယ် တရားသူကြီး ပိုင်တဲ့ ရွှေပန်းတိမ်ဆိုင် ရဲယူနီဖောင်း ဝတ်ပြီး ဓားပြတိုက်သူတွေကို စစ်အုပ်စုက ဖမ်းဆီးထားစဉ်/Photo – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *